ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံ ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သား ၂ဦး CDM ပြုလုပ်ကာ လက်နက်နဲ့အတူခိုလှုံလာတယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၂၈ရက်နေ့မှာ BPDF တာ၀န်ရှိသူတစ်ဦးက ကန္တာရ၀တီတိုင်း (မ်) ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ရဲတပ်ကြပ်တစ်ဦး နဲ့ တပ်ကြပ်တစ်ဦး တို့ CDM ပြုလုပ်လာတာဖြစ်တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒီဇင်ဘာလ(၁၂)လပိုင်း အတွင်းမှာ CDMဝင်ရောက်လာတဲ့စာရင်းပေါ့နော်။ ဒီလအတွင်းမှာတော့ ရဲတပ်ကြပ်ကြီးနဲ့ တပ်ကြပ် (၂)ဦးဝင်လာတယ်ပေါ့။ဒီလ ဒီဇင်ဘာလအတွင်းမှာအလင်းဝင်လာတာက ရဲCDM(၂)ဦးပဲ ဝင်ရောက်သေးတာပဲရှိသေးပါတယ်။”လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ရဲတပ်ကြပ်ကြီးတစ်ဦးကတော့ Ak-M22 တစ်လက် ၊ Ak-M22ကျည်ဘောက် (၃)ဘောက် ၊ ကျည်ဆံ(၇.၆၂) ၆၀တောင့် နဲ့ ကျန် တပ်ကြပ်တစ်ဦးတော့ G3ကျည်ဘောက်(၄ )ဘောက်၊ G3ကျည်ဆံ (၇.၆၂) ၄၀၀တောင့် ယူဆောင်လာတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ CDM ပြုလုပ်သူ ၂ဦးကို လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေမှာ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဘောလခဲခရိုင်မှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲ ကြီးကြီးမားမားဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့စစ်ကြောင်းကိုဖြတ်တိုက်ရာမှာတော့ ကြိုကြားတိုက်ပွဲဖြစ်ပွားတာရှိတယ်လို့ အဆိုပါ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ဦးကဆက်ပြောပါတယ်။
“စစ်ကောင်စီဖက်ကတော့ သူတို့ဗျူဟာ တပ်ထဲကိုတော့ တစ်လကိုအနည်းဆုံး ရဟတ်ယဉ် ၃/၄ ကြိမ်အဆင်း အတက် ပြုလုပ်နေတယ်။ အဓိကတော့ ရိက္ခာ၊ဆေးဝါးဖြည့်တင်းတာတွေ ဒဏ်ရာရသူတွေ သယ် ပြန်တာတွေ ပြုလုပ်နေတယ်။ အဲ့တာ ကျနော်တို့တော်လှန်ရေးအဖွဲ့နဲ့တော့ မြို့ နဲ့၅မိုင်အကွာမှာရိက္ခာပို့ စစ်ကြောင်းနဲ့ကြိုကြား ထိတွေ့မှုတွေတော့ ရှိခဲ့ဖူးတယ်။”လို့ သူကဆိုပါတယ်။
ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေ ရဲတပ်သားတွေအနေနဲ့ CDM ပြုလုပ်ပြီး ဝင်ရောက်လာဖို့ ကြိုဆိုနေကြောင်းကိုလည်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)က အသိပေးပြောဆိုထားပါတယ်။