spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

မတရားမှုက မွေးထုတ်ပေးခဲ့တဲ့ မတရားမှုကို တော်လှန်သူ “ရဲဘော်အောင်ငဲ”

Author

Date

Category

ကေးဒူ/(ကန္တာရဝတီတိုင်း(မ်))

အဲဒီနေ့တုန်းက အစ်မဖြစ်သူရဲ့ မင်္ဂလာဆောင်နေ့မို့ “အောင်ငဲ” တယောက် ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ပြီး လာရောက်တဲ့ ဧည့်သည်တွေကို ဧည့်ခံကြိုဆိုနေပါတယ်။ မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ ရာသီဥတုကသာယာကြည်လင်နေပြီး အစ်မဖြစ်သူရဲ့ မင်္ဂလာဆောင်ပွဲဟာလည်း ဧည့်သည်တွေနဲ့ စည်ကားလို့ နေပါတယ်။

မင်္ဂလာဆောင်ပွဲ သိမ်းချိန်နီးလာတဲ့အခါမှာတော့ မျှော်လင့်မထားတဲ့ အရာတခုကို ကြုံခဲ့ကြပါတယ်။ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ကျေးရွာအတွင်းကို ဝင်ရောက်လာပြီး ရွာအတွင်းက အတားအဆီးတွေကို ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။

အဆိုပါစစ်တပ်နဲ့ ရဲတွေဟာ အစ်မဖြစ်သူရဲ့ မင်္ဂလာဆောင်ပွဲ ရှိရာကို တဖြည်းဖြည်း နီးကပ်လာတာကြောင့် မင်္ဂလာပွဲ ကောင်းမွန်စွာပြီးမြောက်သွားဖို့အရေး စစ်သားနဲ့ရဲတွေကို ညှိနိူင်းဖို့ “အောင်ငဲ” ရဲ့ ဦးလေးက ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့လည်းညှိနိူင်းခွင့်မရပဲ သေနတ်နဲ့ အပစ်ခံရတာကြောင့် ကျည်ဆံ ၆ ချက် ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အသက် (၁၈) နှစ်အရွယ်သာ ရှိသေးတဲ့ “အောင်ငဲ” ဆိုတဲ့ လူငယ်လေးတယောက်အတွက်တော့ ဦးလေးတယောက်ကို ဆုံးရှုံးရတဲ့အပြင် အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲဟာလည်း အဆုံးသတ် မလှပခဲ့ပါဘူး။

ဒီအဖြစ်အပျက်က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ထဲက ၆မိုင်ကျေးရွာမှာ အာဏာသိမ်းပြီးစအချိန် ၂၀၂၁ ခုနှစ်ရဲ့ ဧပြီလမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီချိန်တုန်းကတော့ ကျေးရွာတွေမှာ ဖော်ဆောင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကို စစ်တပ်နဲ့ ရဲတပ်သားတွေက လိုက်လံဖြိုခွင်းနေတဲ့ အချိန်ကာလဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်ပွားသေးပါဘူး။

၁၈ နှစ်သား“အောင်ငဲ” ဟာ အခုတော့ “ရဲဘော်အောင်ငဲ” အဖြစ် ပတ်ဝန်းကျင်က အသိအမှတ်ပြုမှုကို ရနေတဲ့ ၂၁ နှစ်သား ကရင်နီပြည်တပ်မတော် (KA) ရဲ့ တပ်သားတဦး ဖြစ်နေပါပြီ။

ဒါပေမဲ့ အဲဒီနေ့က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကိုတော့ “ရဲဘော်အောင်ငဲ” တယောက် မမေ့နိုင်သေးပါဘူး။

အဲဒီအဖြစ်အပျက်ဖြစ်ပွားပြီး (၃) လအကြာမှာပဲ နေအိမ်ကနေ စတင်ထွက်ခွာပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရဲရဲတောက်လျှောက်လှမ်းဖို့ ကရင်နီပြည်တပ်မတော် (KA) က ဖွင့်လှစ်တဲ့ အပတ်စဉ် (၇၁) အခြေခံစစ်သင်တန်းကို တက်ရောက်ခဲ့ပါတယ်။

စစ်သင်တန်းပြီးလို့ စစ်မြေပြင်ကိုချီတက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အချိန်မှာတော့ သူနေထိုင်ရာ သူ့ရဲဇာတိမြို့ဖြစ်တဲ့ ဒီးမော့ဆိုမြို့ အနီးအနားတနေရာမှာ တာဝန်ကျပြီး စစ်ကောင်စီကို ရဲရဲ ဝံ့ဝံ့ တွန်းလှန်တိုက်ခိုက်နေခဲ့ပါတယ်။

အစ်မဖြစ်သူ မင်္ဂလာပွဲကို ဖျက်ဆီးခဲ့ပြီး၊ ဦးလေးတယောက်ကို သတ်သွားတဲ့ စစ်ကောင်စီတပ်ရဲ့ လူသားမဆန်တဲ့လုပ်ရပ်ကို မုန်းတီးတဲ့စိတ်နဲ့ တော်လှန်တိုက်ခိုက်ခဲ့တာဟာ အခုဆိုရင် (၃) နှစ်ဝန်းကျင် ရှိနေပါပြီ။

အာဏာသိမ်းပြီး ဒီလိုလူသားမဆန်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ဖို့အတွက် ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။

“ဗမာ(စစ်ကောင်စီတပ်)တွေက သူတို့ကို သတ်ဖို့ လူတယောက်ကို မွေးဖွားပေးလိုက်တာပဲ” လို့ ရဲဘော်အောင်ငဲ က ပြောပါတယ်။

တော်လှန်ရေးဆိုတာကို ထဲထဲဝင်ဝင် နားမလည်ဘဲ ယောင်လည်လည် ဖြစ်နေတဲ့ လူငယ်လေးတဦး ဒီအဖြစ်အပျက်ကြောင့်ပဲ တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းဖို့ စိတ်ခွန်အား ဖြစ်စေခဲ့ပါတယ်။

“ကိုယ့်အစ်မ မင်္ဂလာဆောင်နေတုန်းမှာ ဦးလေးပစ်သတ်ခံရတော့ မိသားစုဝင် တယောက်ရဲ့ ခံစားချက်က ဒီတော်လှန်ရေးကို ပိုပြီးတော့ စိတ်အားထက်သန်စေတယ်”

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ “ဆိုမိုဖေစိုးလေး(တနည်းအားဖြင့်)ရှားတော” မြို့သိမ်းတိုက်ပွဲမှာ ခြေထောက်တဖက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“သင်တန်းဆင်းလာကတည်းက အခုထိ တိုက်ပွဲတွေ တောက်လျှောက်ဝင်လာတာ ၃ နှစ်လောက်ရှိနေပြီ။ ဒီကြားထဲ ငတ်တလှည့် ပြတ်တလှည့်ပေါ့။ ဒဏ်ရာလည်း ရဖူးတယ်။ ကြီးကြီးမားမား ဒဏ်ရာရတာဆို ဒီရှားတော မြို့သိမ်းတိုက်ပွဲမှာ ခြေထောက်တဖက် ကျိုးသွားတယ်” လို့ ရဲဘော်အောင်ငဲက ပြောပါတယ်။

ခုတော့ ဒဏ်ရာကြောင့် နောက်တန်းမှာ အနားယူနေရင်းနဲ့ သူကြုံခဲ့တဲ့ အဖြစ်အပျက်လေးတွေကို စာရေးသူကို ပြန်ပြောင်းပြောပြပေးနေတာပါ။

“ရဲဘော်အောင်ငဲ”ဟာ ၂၀၂၄ ဖေဖော်ဝါရီလ ရဲ့ “ရှားတော” မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဗျူဟာကုန်းစခန်းကို တက်သိမ်းရင်း လက်ပစ်ဗုံးနဲ့ အပစ်ခံခဲ့ရတာပါ။ မှောင်မှောင်မဲမဲ ညနက်သန်းခေါင်ချိန်မှာ ရန်သူနဲ့ ထိတွေ့ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ကြရင်း မီတာ (၃၀) အကွာလောက်မှာပဲ ရန်သူရဲ့ လက်ပစ်ဗုံးကြောင့် ခြေထောက်တဖက် ကျိုးသွားခဲ့ရတာပါ။

လမ်းခရီးအခက်ခဲတွေကြောင့် ဆေးမှုးတွေရဲ့ အကူအညီနဲ့သာ အသက်ဆက်နေရပြီး နောက်တရက်နေမှသာ ဆေးရုံကို ရောက်ရှိခဲ့တာပါ။ ဆေးရုံမှာ တပတ်ကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရပြီး အနီးအနားက အပေါင်းအသင်းရဲဘော်တွေကလွဲပြီး မိသားစုဝင်တွေကို အသိမပေးခဲ့ပါဘူး။ သူ့ကိုသိပ်ချစ်တဲ့ သူ့ရဲ့ မိခင်သာသိရင် တခုခုဖြစ်သွားမလားဆိုပြီး စိုးရိမ်တဲ့ စိတ်ကြောင့်ပါ။ မိခင်အပေါ်ထားတဲ့ သားတယောက်ရဲ့ မေတ္တာကို ပေါ်လွင်စေပါတယ်။

“အခုလို ဖြစ်နေတဲ့ အချိန်မှာ သွားပြောပြလိုက်ရင် ပိုပြီးတော့ စိုးရိမ်သွားမှာစိုးလို့ ဒဏ်ရာကြီးနေတဲ့ အချိန်မှာက၊ ဒဏ်ရာသက်သာသွားတဲ့ အချိန်မှာမှ ပြောပြမယ်ပေါ့၊ အမေရဲ့ စိတ်က အရမ်းနုတော့ သွားပြောပြလို့ အဆင်မပြေဘူးလေ” လို့ ရဲဘော်အောင်ငဲက ပြောပါတယ်။

တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ဖို့ အိမ်ကနေစတင်ထွက်ခွာလာပြီးကတည်းက သူ့ ကိုသိပ်ချစ်တဲ့ သူရဲ့ မိခင်အတွက် ဘာမှမလုပ်ပေးနိုင်သလို မိခင်ဆီကိုလည်း မကြာခဏ အလည်ပြန်နိုင်တာမျိုး မရှိပါဘူး။

“တိုက်လို့မှ မထိရင်လည်း စခန်းထဲမှာပဲ ပြန်နားတယ်။ ထိသွားပြန်တော့လည်း အမေဆီကို ပြန်ပြေးဆင်းတယ်။ အဲ့လိုမျိုးဖြစ်နေတယ်။ အမေကို ဒုက္ခအိုးတွေပဲ ပေးနေတယ်။ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ ဖြစ်ပါစေ။ ဘယ်လိုပဲ ခံစားရပါစေ။ အမေကိုတော့ မခံစားခိုင်းစေချင်ဘူး”

ဒါပေမဲ့လည်း သားသမီးတွေဟာ ဒုက္ခတွေနဲ့ ကြုံတွေ့ ရင်ဆိုင်ရရင် မိဘတွေဆီကိုသာ ပြေးလာကြစမြဲမို့ မိခင်ကို လျို့ဝှက်ထားဖို့က မဖြစ်နိုင်ပါဘူး။

တပတ်ကျော်ကြာ ဆေးရုံတက်ပြီးတဲ့အချိန်မှာတော့ ဒဏ်ရာအနည်းငယ်သက်သာလာပြီး ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ ခြေထောက်မှာ ပတ်တီးတွေပြည့်နေပြီး ချိုင်းထောက်နဲ့ ပြန်လာခဲ့ပါတယ်။

မိခင်နေထိုင်ရာ စစ်ရှောင်စခန်းရှေ့မှာ ကားထိုးရပ်ရင်း ကားပေါ်ကနေ သူ့မိခင်ရဲ့ လွမ်းဆွေးပြီး မရွှင်မလန်းဖြစ်နေတဲ့ မျက်နှာကို ပထမဦးဆုံး လှမ်းမြင်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ခြေထောက်မှာပတ်တီးတွေနဲ့ ချိုင်းထောက် ထောက်ပြီး ဆင်းလာတဲ့ “ရဲဘော်အောင်ငဲ”ကို သူ့မိခင်က မြင်ရတဲ့အချိန်မှာ ရင်ကွဲစွာနဲ့ “ရဲဘော်အောင်ငဲ”ဆီကို ငိုယိုပြီး အပြေးလာပါတော့တယ်။

“ကားပေါ်ကနေ တံခါးဖွင့်ပြီးဆင်းလာတော့ အမေက အိမ်ရှေ့မှာပဲ ရှိတာကော ဘာမှမလုပ်နိုင်တော့ဘူး။ ဒီအတိုင်းပြေးလာပြီးတော့ ငိုတော့တာပဲ။ စကားလည်းပြောလို့ မရတော့ဘူး”

“ရဲဘော်အောင်ငဲ”မှာလည်း သူ့ကိုဖက်ပြီး ငိုနေတဲ့ မိခင်ကို နှစ်သိမ့်ဖို့ စကားလုံး မရှိခဲ့ပါဘူး။

ဒီလိုအဖြစ်ပျက်တွေကို “ရဲဘော်အောင်ငဲ” ရဲ့ မိခင် တဦးထဲသာ ကြုံတွေ့ခဲ့ရတာတော့ မဟုတ်ပါဘူး။ စစ်တပ်အာဏာသိမ်းမှုကြောင့် တော်လှန်ရေးရဲဘော်တွေ ဖြစ်လာတဲ့ လူငယ်တွေတိုင်းရဲ့ မိခင်တိုင်းမှာ ဒီလို ဒုက္ခ၊ ဝေဒနာတွေကို နေ့စဉ်နဲအမျှ ခံစားနေကြရတာပါ။

ဒီလိုမြင်ကွင်းကို မြင်တွေ့ခဲ့ရသူတွေအဖို့ သားအပေါ်ထားတဲ့ မိခင်တဦးရဲ့ မေတ္တာတရား၊ မိခင်အပေါ် ထားတဲ့ သားတယောက်ရဲ့ မေတ္တာတရားတွေ၊ ဝမ်းနည်းမှုတွေပြည့်နှက်နေတဲ့ခံစားချက်တွေကို ခံစားစေမိမှာတော့ အမှန်ပါပဲ။

၃နှစ် ကာလ အတွင်း တိုက်ပွဲတွေမှာပါဝင်ရင်း သေမင်းနှုတ်ခမ်းဝကနေ လွတ်လာတာလည်း အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ရဲဘော်အောင်ငဲလိုပဲ အများစုသော ရဲဘော်တွေဟာ တိုက်ပွဲမှာ သူတို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို နောက်တန်းပြန်ရောက်တဲ့အချိန်ကျရင် တဦးကို တဦးပြန်လည် မျှဝေလေ့ရှိကြပါတယ်။ တချို့တွေကတော့ အပေါင်းအသင်းတွေနဲ့ကြုံ၍ဖြစ်စေ၊ တချို့ကျတော့လည်း မီးပုံဘေးမှာ ဝိုင်းဖွဲ့ရင် ဟာသသဘောလို အချင်းချင်း ပြန်လည်ဟားတိုက်နေကြတာတွေဟာလည်း သူတို့ရဲ့ စိတ်ဖြေစရာ တခုလို့ဆိုရမှာပါ။

“ကြုံနေရတဲ့ အချိန်မှာက ဝမ်းနည်းစရာတခုပေါ့။ ဒါပေမဲ့ နောက်တန်းပြန်ရောက်တဲ့ အချိန်မှာကတော့ ပြန်တွေးကြည့်ရင် မသေတော့ဘူးဆိုတဲ့ စိတ်၊ ဘာမှမဖြစ်တော့ဘူးဆိုတဲ့စိတ်နဲ့ ဟာသတခုလို ဖြစ်သွားပြန်တယ်” လို့ ရဲဘော်အောင်ငဲက ပြောပါတယ်။

လက်ရှိမှာတော့ “ရဲဘော်အောင်ငဲ”တယောက် ပုံမှန်လူတဦးပြန်ဖြစ်နိုင်အောင် ကြိုးစားနေတုန်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဒဏ်ရာက အတော်ကြီးမားလွန်းတာကြောင့် လမ်းလျှောက်ရင်တောင် ပုံမှန်လူတယောက်လို လမ်းလျှောက်နိုင်မှာ မဟုတ်တော့ပါဘူး။

“ဘယ်လိုပြောရမလဲ။ အခုက လမ်းလျှောက်ပုံ လျှောက်နည်းက မမှန်တော့ဘူးလေ။ ထော့နဲ့ ထော့နဲ့ ဖြစ်သွားတယ်။ ကျိုးသွားတဲ့ ခြေထောက်တဖက်တိုသွားတယ်။ အရင်လို မဟုတ်တော့ဘူး” လို့ ရဲဘော်အောင်ငဲက ပြောပါတယ်။

နောက်ထပ် တိုက်ပွဲတွေ ဆက်လက်မဝင်နိုင်တော့မှာကို စိုးရိမ်နေတဲ့သူတဦးပါ။ ဒဏ်ရာကြောင့် တနှစ်နီးပါးလောက် အနားယူနေရပေမဲ့ စိတ်ဓာတ်ကျဆင်းသွားခြင်းမရှိဘဲ တိုက်နိုင်သရွေ့တော့ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ “ရဲဘော်အောင်ငဲ”က ကြုံးဝါးနေတုန်းပါဘဲ။

spot_img
spot_img

Recent posts