ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် မယ်စဲမြို့နယ်က နယ်စပ်အမှတ် – ၁၄ မှာ မြန်မာကျပ်ငွေ ၁သောင်းတန်အတုတွေ လဲလှယ် ခံနေရတာရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ ငွေလဲတာ ဘတ်၅၀၀၀ မြန်မာငွေ ၆၅၀၀၀၀ ရတယ်။ အဲ့တာနဲ့ ငွေလဲတဲ့ ဆိုင်မှာကျတာရှင်းပီး ပိုတဲ့ငွေကို ဒီဇယ်သွားဝယ်တာ ဆီဆိုင်မှာ။ ဆီဆိုင်က ငွေမယူဘူး။ ပြန်လဲခိုင်းတော့ ဘာဖြစ်လဲ မေးကြည့်တော့ ငွေကအတုတွေတဲ့။ လဲပေးတဲ့ ဆိုင်ကိုချက်ချင်းပြန်လာလဲတာ။ ဆိုင်ရှင်ကပြန်လဲပေးတယ်။”လို့ ဧပြီလ ၄ ရက်နေ့တုန်းက ငွေတုလဲလှယ်မိတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ငွေအတု လဲလှယ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး အဆိုပါ အမျိုးသမီး အပြင် အခြားသူတွေလည်း ကြုံတွေ့ခဲ့ရသူတွေရှိနေတယ်လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။
“အခြားလူလည်း ရှိတယ် ခံရတာ။ Kpayနဲ့ လာလဲတဲ့လူရှိတယ်တဲ့ ၁၄ ( BP ၁၄) မှာပဲ သိန်း ၅၀ လုံးကအတုတွေတဲ့။ ညီမလေးတစ်ယောက်က။” လို့ သူက ဆိုပါတယ်။
လက်ရှိ ကြုံတွေ့နေရတဲ့ ငွေအတု လဲလှယ်ခံရမှုနဲ့ ပတ်သက်ပြီး အဆိုပါ ကြုံတွေ့ရသူ အမျိုးသမီးတစ်ဦးကတော့ သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန (KSP) ကိုလည်း တိုင်ကြားထားတယ်လို့ သိရပါတယ်။
KSP အနေနဲ့ အဆိုပါ ငွေအတု အလွဲသုံးစားမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးနေမလဲဆိုတာကိုတော့ ကန္တာရဝတီတိုင်း(မ်) ကနေ ဆက်သွယ်မေးမြန်းထားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
လက်ရှိကြုံတွေ့နေရတဲ့ ငွေအတုတွေကတော့ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေဖြစ်ပြီး အတုအစစ်ခွဲခြား တဲ့ ကိရိယာ နဲ့ စစ်ဆေးကြသလို ငွေစက္ကူ အကြမ်းအချော အပေါ် မူတည်ပြီး စစ်ဆေးကြတယ်လို့လည်း ဆိုပါတယ်။
ပုံမှန် သုံးစွဲနေကြ ငွေစက္ကူအစစ်မှာပါရှိတဲ့ လုံခြုံရေးကြိုးဟာ ပိုကြမ်းပြီး စက္ကူစာရွက်အတုဟာ ပိုချောနေမှာဖြစ်တယ်လို့ သိရပါတယ်။