ကန္တာရဝတီတိုင်း (မ်)
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဖမ်းဆီးခံရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတချို့ကို ငွေဒဏ် ဘတ် ၅၀,၀၀၀နဲ့ ထောင်ဒဏ် ၄၈ ရက် ချမှတ်ခဲ့တယ်လို့ မယ်ဟောင်ဆောင်ခရိုင်အတွင်းနေထိုင်တဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား တစ်ဦးကပြောပါတယ်။
အဖမ်းဆီခံရသူတွေထဲက မော်တော်ယာဉ်မောင်းနှင်သူကို အခုလို ငွေဒဏ်ကော ထောင်ဒဏ်ပါ ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လိုက်ပါစီးနှင်းလာသူကိုတော့ ဘတ် ၂,၀၀၀ ကနေ ဘတ် ၅,၀၀၀ကြား ငွေဒဏ်ပေးဆောင်ရပြီး ထောင်ဒဏ်မပါဘူးလို့ ဖမ်းဆီးခံရမှုမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ရွေ့ပြောင်းအလုပ်သမား တစ်ဦးကပြောပါတယ်။
“လက်မှတ်မရှိတဲ့သူ၊ မောင်းတဲ့သူကိုကကျတော့ သူတို့(ထိုင်းရဲတပ်ဖွဲ့) ပြန်မရွေးခိုင်းဘူး။ အနည်းဆုံး ၄၈ ရက် ထောင်ဒဏ်ချမယ်။ ပြီးတော့မှ ဒဏ်ငွေ ၅၀,၀၀၀ ရိုက်မယ် သူ(ထိုင်းရဲတပ်ဖွဲ့) အဲလိုပြောတယ်ပေါ့နော။ ဟိုအရင်တစ်ရက်နှစ်ရက် ကျနော်သွားမေးကြည့်တော့ သူတို့(ထိုင်းရဲတပ်ဖွဲ့) အဲလိုမျိုးပြောတယ်။ သွားရွေးထုတ်မယ်ပြောတော့လည်း မပေးထုတ်ဘူး”လို့ ကူညီဆောင်ရွက်ပေးသူ ရွေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက စပြီး မယ်ဟောင်ဆောင်ခရိုင်အတွင်း အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို စစ်ဆေး၊ ဖမ်းဆီးမှုတွေ ပိုမိုတွေ့လာရတယ်လို့ ရွေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
“အခုလောလောဆယ်လည်း နယ်စပ်အအောက်ပိုင်း KNU ဖက်မှာ တိုက်ပွဲတွေခနခနပေါ်တော့လည်း မယ်ဟောင်ဆောင်ခရိုင်ဖက်မှာ ခနနေ သူတို့တိုက်ပွဲဖော်လည်းဖော်နိုင်မယ် အဲလိုမျိုး။ နယ်စပ်လုံခြုံရေး ကြီးကြပ်တဲ့အနေနဲ့လို့ ကျနော်ထင်တယ်။ နယ်စပ်လုံခြုံရေးကို တင်းတင်းကြပ်ကြပ်နဲ့ပြန်ကိုင်ချင်တယ်။ ကျနော် အဲလိုပဲထင်တယ်” လို့ ရွေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးက သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။
မယ်ဟောင်ဆောင်ခရိုင် ရဲဌာနရဲ့ ဖေ့ဘွတ်စ် စာမျက်နှာက အချက်အလက်တွေအရ မေလ ၁ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၇ ဦးရှိပါတယ်။ ၎င်းတို့အနက် ပြန်လည်လွှတ်မြောက်လာသူတွေလည်း ရှိသလို ဥပဒေအရအရေးယူခံရသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။