spot_imgspot_imgspot_imgspot_img
Sunday, January 19, 2025
spot_imgspot_imgspot_imgspot_img

မသန့်ရှင်းတဲ့ရေကို သုံးစွဲနေရတဲ့ မိုးဗြဲ စစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားယားနာမှု ဖြစ်ပွားနေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လအတွင်းက မိုးဗြဲရေကာတာ ရေဖောက်ချမှုကြောင့် ရေဘေးတိမ်းရှောင်နေရတဲ့ မိုးဗြဲစစ်ဘေးရှောင်ပြည်သူတွေဟာ မသန့်ရှင်းတဲ့ရေကို သုံးစွဲနေရပြီး လက်ရှိမှာတော့ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားယားနာမှုတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူဆီကနေ သိရပါတယ်။

တိမ်းရှောင်ဖို့နေရာမရှိတဲ့ စစ်ဘေးရှောင်တွေဟာ စပါးစိုက်ခင်းအနီးအနားမှာ နေထိုင်ကြပြီး ရှိတဲ့ရေကိုသာ အသုံးပြုနေရတာ‌ကြောင့် စစ်ဘေးရှောင် ၁၀ ဦးအနက် ၇ ဦးမှာ ယားယံမှုတွေ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်တဲ့ ထွန်းမြန်မာဒိုနေးရှင်း အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“သူတို့က စပါးခင်းထဲကရေကို ချိုးရင်လည်း စပါးခင်းက ရေတွေမြုပ်ကုန်တော့ စပါးခင်းနဲ့ ရေနဲ့ ထိတာကြာတော့ အချွဲတွေ ဖြစ်တာပေါ့။ အဲ့စပါးခင်းက ရေတွေချိုးရင်လည်း အရေပြားတွေ အဖုတွေ အများကြီးထွက်တယ်။ နောက်တစ်ခုက ချောင်းဘေးက ရေကို သောက်သုံးတာတို့ ကြတော့ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်တယ်။ရေက မသန့်ဘူးလေ”လို့ ထွန်းမြန်မာဒိုနေးရှင်း အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ရေဘေးသင့် စစ်ဘေးရှောင်တွေဟာ စားသောက်ရေးအပြင် ဆေးဝါးလည်း လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“မျိုးစုံ ဒုက္ခ ကြုံနေရပါတယ်ဆို အခုက ရေသောက်လည်းဒီရေ ချိုးလည်းဒီရေ အိမ်သာတက်လည်း ဒီရေဆိုတော့ ရေကမသန့်တော့ဘူးပေါ့လေ။ လူ၁၀ယောက်မှာ ၇ယောက်က အရေပြားယားနာ ဖြစ်နေကြတော့ ယားနာပျောက်ဆေး တွေ လတ်တလော လိုအပ်တာပေါ့”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ကျေးရွာတချို့မှာ ကွင်းဆင်းပြီးတွေ့ရှိမှုအရ ရေဘေးသင့်စစ်ရှောင်ပြည်သူတွေဟာ နေမကောင်းဖြစ်မှုတွေလည်း ရှိနေတယ်လို့ ကယန်းအမျိုးသမီး အဖွဲ့အစည်း(KyWO) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

‘’ ဒီရေတွေပဲသုံးရတယ် ဒီရေတွေပဲ ဖြတ်သွားဖြတ်လာ တယ်ဆိုတော့ သေချာတယ် ကျမတို့ ယားယံခြင်းတွေတော့ ဖြစ်မှာပဲပေါ့နော်။ အခုကလည်း ယားယံခြင်းအဆင့်ထိမဟုတ်ပဲနဲ့ နေလို့သိပ်မကောင်းဘူးဆိုတဲ့အနေအထားမျိုးတော့ တွေ့ရတာရှိတယ်ပေါ့နော်။’’လို့ သူက ပြောပါတယ်။

KyWO ရဲ့ စာရင်းအရ ရေဘေးသင့် မိုးဗြဲစစ်ရှောင်ဦးရေ ၂၀၀၀ ကျော်ရှိနေပြီး အရေပြားယားနာမှုအတွက် လိမ်းဆေး၊ ဆေးဝါးအပြင် သောက်ရေသန့်၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေဆဲပဲလို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts