ကန္တာရဝတီတိုင်း ( မ် )
အုံ့မှိုင်းနေတဲ့ ရာသီဥတုရဲ့အောက်မှာ ပခုံးပေါ်မှာ လေးလံတဲ့ အထုပ်ကြီးတွေ၊ တနည်းအားဖြင့် ခဲသတ္တု တွေနဲ့ ကုန်ပစ္စည်းတွေကို ထမ်းပြီး တောင်စောင်းတွေမှာ တက်လိုက်ဆင်းလိုက်နဲ့ သယ်ယူပို့ဆောင်နေသူတွေကို တွေ့မြင်နေရပါတယ်။ ဒီနေရာကတော့ ကရင်နီပြည်ရဲ့ ခဲသတ္တုတွေ ထွက်ရှိရာ မော်ချီးဒေသမှာ ဖြစ်ပါတယ်။
တောင်ပေါ်ဒေသဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲပြီး တချို့နေရာတွေမှာ ကုန်စည်နဲ့ ခဲသတ္တုတွေကို လူအား နဲ့ သယ်ယူပို့ဆောင်ပေးရတာပဲ ဖြစ်ပါတယ်။
အဲဒီလို သယ်ယူပေးရတဲ့ သူတွေထဲမှာ အသက်အရွယ်အားဖြင့် (၁၈) နှစ်သာရှိသေးတဲ့ မောင်ပူတူး တယောက်လည်း ပါဝင်နေပါတယ်။ မောင်ပူတူးဟာ ခဲ တခါထမ်းရင် အချိန်(၃၀)ကျော်ကနေ အချိန်(၆၀) အထိ ထမ်းနိုင်သူဖြစ်ပါတယ်။ ကီလိုအားဖြင့် ကီလို (၅၀)ကျော် မှ ကီလို(၁၀၀) ထိထမ်းနိုင်ပါတယ်။
အဲ့ဒီလို အရမ်းလေးတဲ့အလေးချိန်ရှိတဲ့ ကုန်ထုပ်တွေကို အေးအေးဆေးဆေးထမ်းရတာမဟုတ်ဘဲ မြင့်မားလှတဲ့ တောင်စောင်းတွေကနေ တက်လိုက်ဆင်းလိုက် ခက်ခက်ခဲခဲ ထမ်းပိုးသယ်ဆောင်နေရတာဖြစ်ပါတယ်။
ဒီလိုအလေးချိန်များများကို ထမ်းနိုင်တဲ့ မောင်ပူတူးဟာ တရက်ကို ကုန်ထမ်းခ အတွက် ကျပ်ငွေ ၈၀၀၀၀ ကနေ ၂၀၀၀၀၀ အထိ ရပါတယ်။
အရွယ်အားဖြင့် ပညာရှာရမယ့်အရွယ်ဖြစ်ပေမဲ့ မောင်ပူးတူးတယောက် အခုလို အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေရတဲ့ အကြောင်းရင်းလည်း ရှိပါတယ်။
မောင်ပူတူးမှာ မိသားစုဝင် (၉)ယောက်ရှိပါတယ်။ မောင်ပူတူးရဲ့ အထက်မှာ အစ်ကိုနှစ်ယောက် အစ်မတစ်ယောက်အပြင်၊ သူ့အောက်ငယ်တဲ့ ညီငယ် နှစ်ယောက် ညီမတစ်ယောက်ရှိပါတယ်။ သူဟာ တတိယမြောက်သားဖြစ်ပါတယ်။
မောင်ပူတူးဟာ ရေထမ်း၊ ကုန်ထမ်း၊ ခဲထမ်း၊ ထင်းထမ်းရင်း မိသားစုရဲ့ စားဝတ်နေရေးအတွက် အဓိက ရုန်းကန်ပေးနေသူတယောက်ပါ။ သူဟာ ဖခင်မရှိတော့တဲ့ အသက်(၁၃)နှစ်အရွယ်က စပြီး ရေကို စထမ်းရင်းနဲ့ မိသားစုအတွက် ကုန်ထမ်းရင်း တတ်နိုင်တဲ့ လုပ်အားဖက်ကနေ အလုပ်အကျွေး ပြုလာသူဖြစ်ပါတယ်။ ရလာတဲ့ လုပ်အားခတွေထဲက ကိုယ်ပိုင်အတွက် တစ်သောင်းနှစ်သောင်းသာ သုံးသူဖြစ်ပါတယ်။
မောင်ပူတူးဟာ ကျောင်းကို (၈)တန်းအထိသာ ပြီးမြောက်ခဲ့ပြီး မိသားစုစားဝတ်နေရေးအတွက် ကျောင်းထွက်ကာ ကုန်ထမ်း နေသူဖြစ်ပါတယ်။ လူငယ်ပီပီ ရည်မှန်းချက်တွေရှိပေမဲ့လည်း ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးနေရတယ် ဆိုတဲ့အကြောင်းကို မောင်ပူတူးက အခုလိုပြောပါတယ်။
“ကျောင်းကတော့ ဒီလိုပဲ နိုင်ငံရေးမကောင်း၊ Covid (ကိုဗစ်)ဖြစ် အဲ့လိုပေါ့၊ မိဘတွေကလည်း အဆင်မပြေတော့ ကျောင်းနားလိုက်တာ။ အဖေလည်းမရှိတော့တဲ့နောက်ပိုင်းမှာ ညီကိုမောင်နှမတွေ အလုပ်လုပ်ကျွေးရင်း ကျောင်းနားလိုက်တာပေါ့။ ကျနော့ရည်မှန်းချက်က ကားမောင်းသင်ချင်တယ်ပေါ့ ကား workshop လုပ်ချင်ပေမဲ့လည်း မသွားဖြစ်ဘူးလေ။ မိသားစု အဆင်မပြေတာနဲ့ဘဲ။ ကားမောင်းတော့ သင်ချင်တယ်။” လို့ မောင်ပူတူးက ဆိုပါတယ်။
လေးလံတဲ့ ခဲထုပ်တွေ၊ ကုန်တွေကိုထမ်းရတာကြောင့် မောင်ပူတူးဟာ တခါတလေ ခါးနာတာ၊ ခြေထောက် ကြွက်တက်တာ စတဲ့ ဒဏ်တွေကို ခံရတဲ့အချိန်မှာ မိသားစုဆီက ကရုစိုက်မှုကိုတော့ ရတယ်လို့လည်း သူကပြောပါတယ်။
“အမေနဲ့အစ်မပဲပေါ့ အချိန်(၆၀)ထမ်းတုန်းကတော့ ခါးနာတယ်။ ညဖက်ဆို အိပ်လို့မရတော့ ဆေးတွေ ဘာတွေလိမ်းပေးတယ်ပေါ့။ ညီလေး ညီမလေးတွေကို နင်းခိုင်းတယ်။ တခါတလေ အမေ့ကိုလည်း နင်းခိုင်းတယ်။ မနက်ရောက်တော့ အကြောတွေပြန်ပြေတာပေါ့ ”လို့ မောင်ပူတူးက ဆိုပါတယ်။
ခါးနာတဲ့ဒဏ်၊ ကိုယ်လက်နာတဲ့ဒဏ်ရှိပေမဲ့လည်း နောက်ရက်ကူးတာနဲ့ မောင်ပူတူးဟာ မနားပဲ ကုန်ကိုပြန်ထမ်းတာ ဖြစ်ပါတယ်။ ခုလိုကုန်ထမ်းရပေမဲ့လည်း မိသားစုကို ရှာကျွေးနေတာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်တခါမှ မရှက်ခဲ့ဖူးသလို ဂုဏ်လည်းယူတယ် ပျော်လည်းပျော်တယ်လို့ သူကဆိုပါတယ်။
မောင်ပူတူး ရဲ့အစ်ကိုအကြီးဆုံးကတော့ ကျန်းမာရေးမကောင်းပါဘူး။ ခဲဆိပ်သင့်နေတာကြောင့် အောက်ဆီဂျင်ကို အချိန်ပြည့်နီးပါး ရှုရှိုက်ကာ အသက်ဆက်နေရသူဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ အောက်စီဂျင်ကို အသုံးပြုဖို့ မီးစက်ကိုအသုံးပြုရပြီး တနေ့လုံးနီးပါး မီးစက်ကို နိုးထားရတာဖြစ်ပါတယ်။ တနေ့လုံးနီးပါး အသုံးပြုရတဲ့ စက်သုံးဆီရဲ့ ကုန်ကျစရိတ်ဟာ ပျှမ်းမျှအားဖြင့် နှစ်သိန်းခွဲခန့် ကုန်ကျတယ်လို့လည်း သိရပါတယ်။ ဒီကုန်ကျစရိတ်အတွက် မောင်ပူတူးရဲ့ လုပ်အားခတွေကို မှီခိုနေရတယ်လို့လည်း ဆိုနိုင်ပါတယ်။
ယခုလို ရုန်းကန်နေရတဲ့မောင်ပူတူးကို မိခင်ဖြစ်သူက အားပေးစကားတွေ ပြောဖြစ်သလို မောင်ပူတူးကို ကျောင်းပြန်တက်ဖို့ တိုက်တွန်းခဲ့ပေမဲ့လည်း မောင်ပူတူးဟာ မိသားစုစားဝတ်နေရေးအတွက် ကျောင်းဆက်မတက်တော့ဘဲ အလုပ်ကိုသာ လုပ်ခဲ့သူဖြစ်တယ်လို့ မောင်ပူတူးရဲ့ မိခင်က အခုလို ပြောပြပါတယ်။
“ပြောတာပေါ့ အားပေးစကားတွေပြောတာပေါ့။ ငါ့သားကျောင်းနေချင်တယ်ဆိုလည်း နေပါ့လားဆိုတော့ သူကျောင်းနေလို့မဖြစ်ဘူးလို့ပဲ သူပြောတယ်လေ။ သူကျောင်းနေလို့ မဖြစ်ဘူးဆိုတာက အစ်ကိုက တမျိုး အမေ့မှာလည်း အမေ့ဝင်ငွေမရှိတော့ဘူး။ အခုနှစ်ယောက်စာက အစ်ကို့အတွက် အောက်စီဂျင်အတွက်ထားပြီး သားတယောက်စာက သုံးစားလို့ရတယ်ဆိုပြီးတော့ ဟင်းဖိုးထမင်းဖိုးပေါ့ သူရှာပေးနေရတယ်ပေါ့” လို့ဆိုပါတယ်။
မောင်ပူတူးရဲ့ ညီအစ်ကို မောင်နှမတွေထဲ မှာ (၃)ယောက်သာ အလုပ်လုပ်ကြပြီး မောင်ပူတူးကတော့ မိသားစု စားဝတ်နေရေးအတွက် အဓိက ရုန်းကန်ပေးနေသူ ဖြစ်ပါတယ်။
အသက်အရွယ်အားဖြင့် ငယ်ရွယ်ပြီး မိမိရည်မှန်းချက်အတွက် ကြိုးစားရမယ့်အရွယ်မှာ ခုလိုကုန်ထမ်းရင်း မိသားစုကို ရှာကျွေးနေတဲ့ မောင်ပူတူးဟာ မော်ချီးဒေသ (၁၃)ကုန်း (ခေါ် ) ယူကော်ခိုမှာ နေထိုင်နေတာဖြစ်ပြီး ယနေ့ထိတိုင် မိသားစုကို ကုန်ထမ်းရင်း လုပ်ကိုင်ကျွေးမွေးနေဆဲ ဖြစ်ပါတယ်။