spot_imgspot_imgspot_imgspot_img
Tuesday, March 25, 2025
spot_imgspot_imgspot_imgspot_img

“မိုင်းထိတဲ့ သူငယ်ချင်းကို ကယ်ရင်း ကိုယ်တိုင် မိုင်းနင်းမိလိုက်တဲ့ ရဲဘော် ခူးစူးရယ်”

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

ရဲဘော်တစု စုပေါင်းနေထိုင်ကြတဲ့ နယ်စပ်တနေရာက ခြံဝန်းလေးထဲမှာ မနက်ခင်းအိပ်ရာထပြီး ထမင်းစားချိန်လေးမှာ ကျနော် မတ်တပ်ရပ်ပြီး ဖုန်းလေးပြောနေခဲ့ပါတယ်။ ဖုန်းပြောလို့ မပြီးခင်မှာပဲ နားထဲကနေ ဆူးရှတဲ့ သီချင်းအော်ဆိုသံတသံကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရပါတယ်။

သီချင်းသံလာရာအနောက်ဘက်ကို လှည့်ကြည့်လိုက်တော့ ဝှီးချဲလေးပေါ်မှာထိုင်နေတဲ့ လူငယ်လေးတယောက်ကို တွေ့လိုက်ပါတယ်။ ဝှီးချဲဘီးလေးကို သူ့လက်နဲ့ ကိုယ်တိုင်အားရပါးရလိမ့်ကာ သူ့အခန်းရှိရာဘက်ကို သီချင်းသံနဲ့အတူ ဝင်သွားတာကို လှမ်းမြင်လိုက်ပါတယ်။ အဲ့ဒီနေ့က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာပါ။

ခြေထောက်မှာပတ်တီးတွေနဲ့ ဒီလူငယ်တဦး ဝှီးချဲပေါ်မှာဘာကြောင့်ထိုင်နေရတာလဲ၊ ဝှီးချဲပေါ်မှာ ထိုင်နေရတာတောင် ဒီလောက်ပျော်ရွှင်နေပုံပေါက်ရင် သူ့စိတ်ဒဏ်ရာကို ဘယ်လိုများ ကုစားနေရသလဲဆိုတာ တွေးမိလိုက်တယ်။ အဲဒီမှာ တာဝန်ကျတဲ့ ဆရာမလေးနဲ့ ခွင့်တောင်းပြီး အဆိုပါလူငယ်လေးနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။

သူကတော့ အသက် ၂၀ ကျော်အရွယ်သာရှိသေးတဲ့ ကရင်နီပြည်တပ်မတော် KA တပ်ဖွဲ့ဝင် ရဲဘော်ခူးစူးရယ်ပါ။ သူနဲ့စကားပြောနေရင်း လွိုင်ကော်မြို့သိမ်းတိုက်ပွဲ ၁ လေးလုံး စစ်ဆင်ရေးမှာ သူနဲ့အတူ စစ်ဆင်ရေးဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်အပေါ်ထားတဲ့ သူ့ရဲ့မေတ္တာတရား ကြီးမားလွန်းပုံကို အံ့ဩလေးစားစွာနဲ့ နားထောင်ခွင့် ရခဲ့ပါတယ်။

ဖြစ်စဉ်က ၁ လေးလုံးစစ်ဆင်ရေးအတွင်း သူတို့ စစ်ကြောင်းနဲ့အတူ လိုက်ပါလာတဲ့ သူငယ်ချင်း ရဲဘော်ရဲဘက်တဦးက ၁၄ မိုင်း နင်းမိခဲ့တာပါ။ မိုင်းပေါက်ကွဲပြီး သူငယ်ချင်း ရဲဘော်ရဲဘက်ရဲ့ အကူအညီလှမ်းတောင်းတဲ့အော်သံကို ကြားလိုက်ရတဲ့ ခူးစူးရယ်ဟာ မနေနိုင်၊ မထိုင်နိုင်တော့ပဲ မိုင်းတောထဲကို ခြေစုံပစ်ပြီး သူငယ်ချင်းကို ကယ်ဖို့ ဝင်လိုက်ပါတော့တယ်။

ရဲဘော်ရဲဘက်ကို ကူညီချင်တဲ့စိတ်နဲ့ မိုင်းတောထဲကို ပြေးဝင်သွားတဲ့ ခူးစူးရယ် တယောက် ကံကောင်းထောက်မပြီး ဝင်သွားတဲ့အချိန်မှာတော့ ဘာမှမဖြစ်ဘဲ ရဲဘော်ရဲဘက် ရှိရာဆီကို ဖြောင့်ဖြောင့်ဖြူးဖြူး ရောက်ရှိသွားခဲ့ပါတယ်။ ဒဏ်ရာရတဲ့ သူငယ်ချင်းရဲဘော်လေးကို ပွေ့ချီပြီး ပြန်ထွက်အလာမှာ ကံဆိုးမှုကို စတင်ရင်ဆိုင်လိုက်ရတာပါ။ သူငယ်ချင်းကို ပွေ့ချီရင်း ဆေးရုံပို့ဖို့ မိုင်းတောထဲက ထွက်လာဖို့ကြိုးစားနေချိန်မှာ ၁၆ မိုင်းကို ထပ်မံနင်းမိလိုက်လို့ အခုလိုဘဲ ဝှီးချဲပေါ်မှာ ထိုင်နေရတဲ့အကြောင်းကို သူက ဝမ်းနည်းစွာနဲ့ ပြန်ပြောင်းပြောပြလာပါတယ်။

“ပထမ ကျနော့်ရှေ့မှာက သူငယ်ချင်းပေါ့နော်။ ကျနော်တို့အဖွဲ့ထဲက မိုင်းအရင်နင်းမိတာ။ သူက ၁၄ မိုင်းနင်းမိတာ။ နင်းမိတော့ သူငယ်ချင်းတွေကအော်တော့ လာထမ်းကူဖို့ပေါ့။ ကျနော်က ပြေးလာပြီး သွားထမ်းတာ။ ထမ်းတော့ ကျနော်ဝင်တဲ့အချိန်မှာ ဒီတိုင်းပဲ သူ့ဆီကိုပဲ စိတ်ရောက်နေတော့ ဝင်သွားလိုက်တယ်။ ပြီးတော့ သူ့ကိုချီလာတယ်။ ထမ်းလာတယ်ပေါ့နော်။ အပြန်ချိန်မှာပဲ ကျနော် နောက်ထပ် ထပ်နင်းမိတယ်။ ပိုဆိုးတာက ကျနော် နင်းမိတာက ၁၆ မိုင်း ဖြစ်တယ်။ အဲ့ကြောင့် ကျနော့်ခြေထောက်နှစ်ဖက်လုံး ထိသွားတယ်။ အမှန်က သူ့ဆီကိုပဲ စိတ်ရောက်နေတယ်။ သူ့ကို ဆေးရုံပို့ဖို့စိတ်နဲ့ပဲ ခြေလှမ်းတွေက သတိမထားမိတော့ဘူး။ အခုလို ဖြစ်သွားခဲ့တာပေါ့။” လို့ ခူးစူးရယ် က သူ မိုင်းထိတဲ့အချိန်ကို ပြန်ပြောင်းပြောပြပါတယ်။

သူ့ရဲ့ ရဲဘော်ရဲဘက်တဦးကို ကယ်ဖို့ကြိုးစားရင်း ခြေနှစ်ဖက်လုံး‌ ပေးဆပ်လိုက်ရတာတောင်မှ သူ့ကြောင့်နဲ့ သူငယ်ချင်းရဲဘော်ဖြစ်သူ ထပ်မံဒဏ်ရာရသွားလို့ စိတ်မကောင်း ဖြစ်ရကြောင်းကိုလည်း ပြောပြလာပါတယ်။

“ကျနော်ထပ်နင်းမိတော့ သူ့ကျောကုန်းမှာပါ ဒဏ်ရာထပ်ရခဲ့တယ်။ ကျနော့်ကြောင့်လို့ပဲ ပြောရမှာပေါ။ အမှန်ဆို သူ့ဟာ အောက်ပိုင်းထိပ်နည်းနည်းလေးပဲပေါ့နော်။ ၁၄ မိုင်းက။ အဲ့ဒါနဲ့ ကျနော်ထပ်နင်းမိတော့ သူ့ရဲ့ ကျောကုန်းမှာပါ ဒဏ်ရာ ထပ်ရသွားခဲ့တယ်” လို့ ခူးစူးရယ်က ပြောပါတယ်။

သူ့ရဲ့စကားသံကို နားထောင်လိုက်ရပြီး သူ့ရဲ့ ရဲဘော်ရဲဘက် အပေါ်ထားတဲ့ မေတ္တာတရားနဲ့ စိတ်ဓာတ်ကို လေးစားမဆုံး ဖြစ်ခဲ့ရပါတယ်။

စစ်တပ်အာဏာ မသိမ်းယူခင်မှာတော့ ခူးစူးရယ်ဟာ အထက်တန်းကျောင်းပညာကို အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ကြုံရာကျပန်း အလုပ်လုပ်ကာ မိသားစုကို တဖက်တလမ်းကနေ ကူညီနေတဲ့ အကြီးဆုံးသားတယောက် ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းယူမှုအပေါ် သဘောမတွေ့တဲ့ လူငယ်လေး ခူးစူးရယ် တယောက် စစ်ကောင်စီကို ပြန်လည်တွန်းလှန်နိုင်ဖို့အတွက် သူ့ရဲ့ ဝါသနာတွေ၊ မိသားစုအရေးတွေကို ခဏသာ ကျောခိုင်းခဲ့ပြီး လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာပါ။

သူဟာ ဘောလုံးကန်တာကို အလွန်ဝါသနာပါသူပါ။ ဘောလုံးအပြင် ဂိမ်းကစားရတာကို အလွန်ကြိုက်နှစ်သက်သူတဦးလည်း ဖြစ်ပါတယ်။ သူ့ဘဝ တလျောက်လုံး Gamer တယောက် ဖြစ်ချင်ခဲ့ကြောင်းကိုလည်း အခုလိုပဲ ပြောပြလာပါတယ်။

“ကျနော် ဂိမ်းကစားရတာ ကြိုက်တယ်။ ဘောလုံးကန်ရတာကို ကြိုက်တယ်။ ဘောလုံးကတော့ ကျနော် အဲ့လောက်ထိ မတော်ပေမယ့် ဂိမ်းမှာတော့ Gamer တယောက်တော့ ဖြစ်ချင်ခဲ့တယ်။ ဂိမ်းပြိုင်ပွဲတွေဘာတွေ လုပ်တာရှိတယ်လေ။ အခုလည်း တော်တော်လေး လုပ်လာကြပါတယ်။ အဲ့ကြောင့် ဂိမ်းဆော့ရင်းနဲ့ Game player ရဲ့ ဘဝကို သွားချင်ခဲ့တာပေါ့နော်” လို့ ခူးစူးရယ်က ဝှီးချဲပေါ်ကနေ သူ့ရဲ့ အိပ်မက်ကို ပြောပြလာတာပါ။

၂၀၂၃ ခုနှစ် လွိုင်ကော်မြို့သိမ်းတိုက်ပွဲ ၁ လေးလုံး စစ်ဆင်ရေးမှာ မိုင်းနင်းမိခဲ့ရတာကြောင့် သူ့ရဲ့ အိပ်မက်တွေကိုပါ လက်လွတ်လိုက်ရပါတယ်။ သူဝါသနာပါတဲ့ ဘောလုံးကို ကစားနိုင်တဲ့ ခြေနှစ်ဖက်လုံးကို တော်လှန်ရေးအတွက် ပေးဆပ်လိုက်ရတဲ့အပြင် နောက်ထပ် သူမျှော်လင့်ခဲ့ရတဲ့ Gamer ဘဝကိုလည်း စွန့်လွတ်လိုက်ရတဲ့အထိ မျက်စိလည်း မှုံမှုံဝါးဝါး ဖြစ်သွားရတယ်လို့ ဆိုပါတယ်။

“အခုနောက်ပိုင်းဆိုလည်း ဒီလို ဖြစ်သွားတဲ့ စိတ်ဒဏ်ရာကြောင့် သိပ်ပြီးတော့ မဆော့ဖြစ်တော့ တကယ်တမ်းတော့ ပျက်စီးသွားခဲ့ပြီပေါ့နော် အိပ်မက်ကတော့။ ဆက်တော့ လုပ်ချင်သေးတယ်။ ဒါပေမဲ့ အဆင်မပြေတော့တဲ့အတွက် လက်လျော့လိုက်ရတာလို့ပဲ ပြောရမှာပေါ့နော်။” လို့ ခူးစူးရယ်က သူ့ရဲ့ အိပ်မက်ကို လက်လျော့လိုက်ရကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။

မျက်လုံးနှစ်ဖက် မှိတ်လိုက်တိုင်း သူ့ရဲ့ အဆိုးရွားဆုံးသောဖြစ်စဉ်ကို ပြန်ပြန်ပြီး မြင်ယောင်နေခဲ့တာပါ။ ဒီလိုအချိန်တွေကို ဖြတ်ကျော်နိုင်ဖို့အတွက် သူဟာ အတော်လေးကို
ပင်ပန်းနေမှာတော့ အမှန်ပါပဲ။

ဒီလိုအခြေအနေကို ရောက်သွားခဲ့ရတဲ့ ရဲဘော် ခူးစူးရယ်အတွက် သူ့ရဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည် ကုစားရတဲ့နေရာမှာတော့ မိဘတွေ၊ သူငယ်ချင်းတွေရဲ့ အားပေးမှုနဲ့အတူ ဒီကနေ့အချိန်ထိ ဖြတ်သန်းလာခဲ့ရတဲ့အကြောင်း အခုလိုပဲ ပြောဆိုပါတယ်။

“အမှန်တိုင်းပြောရရင် မျက်လုံးမှိတ်လိုက်တိုင်း ကျနော် ဒဏ်ရာရခဲ့တဲ့ အချိန်တွေကို ပြန်ပြန်ပြီးတော့ တွေးမိတယ်။ အကယ်၍ သေချာ ကြည့်ပြီး ဂရုတစိုက်လေး လုပ်ခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးဆိုတာ တခါတလေတွေးမိတယ်။ ဒါပေမဲ့ ဖြစ်ပြီးသွားပြီဆိုတော့ မတတ်နိုင်တော့ဘူး။ အတတ်နိုင်ဆုံးတော့ ကိုယ့်စိတ်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တယ်။ ဒါပေမဲ့ ငါလုပ်ပေးခဲ့တာ တန်တယ်လို့တော့ တခါတလေ တွေးမိတယ်။ တခါတလေကျရင်လည်း မလုံလောက်သေးဘူးလို့ စဉ်းစားမိတယ်။ ကိုယ့်ကိုယ်ကိုတော့ တော်တော်လေး အားယူခဲ့ရတယ်။ တခါတလေ အားယူတဲ့ နေရာမှာလည်း မိဘတွေရဲ့ အားပေးမှုတွေ ၊ တချို့ လိုင်းပေါ်က ဆက်သွယ်ရတဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုတွေ သူတို့ကြောင့်နဲ့ အားတင်းပြီးတော့ နေလာခဲ့ရတာပေါ့”

အခုအချိန်မှာတော့ ရဲဘော် ခူးစူးရယ် တယောက် နယ်စပ်တနေရာမှာ ဆေးကုသမှုခံ‌ယူနေတာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ ဝှီးချဲပေါ်မှာထိုင်နေရင်းနဲ့ပဲ နေ့၊ ညတွေကို ကျော်ဖြတ်နေရတာပါ။

အိပ်မက်တွေလက်လွတ်ရပြီး ဝှီးချဲပေါ်မှာဘဲ ဘဝကို ဖြတ်သန်းနေရပေမဲ့လည်း တော်လှန်ရေးအပေါ် စိတ်ပျက်သွားတာမျိုးမရှိပဲ ဆက်လက်ပါဝင်ချင်သေးတဲ့အကြောင်းကို ခူးစူးရယ်က အခုလိုပဲ ပြောဆိုသွားပါတယ်။

“ ဖြစ်နိုင်ရင်တော့ ဆက်ပြီးတော့ လုပ်ချင်သေးတယ်။ ဒီလို ဖြစ်သွားတော့လည်း သူတို့ကြောင့် ဖြစ်သွားတယ်ဆိုပြီးတော့ စိတ်တော့ တိုတာပေါ့နော်။ သူတို့သာ ဒီလိုမျိုးမလုပ်ရင် ကျနော်တို့ ဒီလိုဖြစ်စရာကြောင်း မရှိဘူး။ လုပ်နိုင်ရင်တော့ ထပ်ပြီးတော့ လုပ်ချင်သေးတယ်။ အခုက ကုသနေရတဲ့ အချိန်အတွင်းဆိုတော့လည်း ဘယ်အချိန်မှ ပြန်လည် သက်သာလာမယ်မှန်းလည်း မသိ။ တော်တော်လည်း ကြာနေပြီဆိုတော့ လုပ်နိုင်ပါ့မလား ဆိုတာလည်း ရှိသေးတယ်။ တွေးမိတာပေါ့နော်။ လုပ်တော့ လုပ်ချင်သေးတယ်။ စိတ်ပဲကျန်တယ်။ ကိုယ်က မရတော့ဘူး။” လို့ ခူးစူးရယ်က ပြောဆိုသွားပါတယ်။

spot_img
spot_img
spot_img

Recent posts