spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

မိုးတွင်းလမ်းခရီး ကြမ်းတမ်းမှုကြောင့် IEC ရဲ့ ယာဥ်လိုင်းစီးနင်းတဲ့ ခရီးသည် နည်းပါးလာ

ကန္တာရဝတီတိုင်း ( မ် )

မိုးတွင်း လမ်းခရီးကြမ်းတမ်းမှုကြောင့် ကရင်နီပြည်တွင်းမှာ ပြေးဆွဲနေတဲ့ IEC ယာဥ်လိုင်းကို စီးနင်းတဲ့ ခရီးသည်နည်းပါးလာတယ်လို့ IEC ရဲ့ သယ်ယူပို့ဆောင်ရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ကိုသံချောင်းက ပြောပါတယ်။

“မိုးတွင်းမှာ ခရီးသည်တွေကလည်း အခုလက်မှတ်လာဖြတ်ကြတာ မရှိသလောက်ပါပဲ။ အသွားလာ မရှိသလောက်ဖြစ်သွားတယ်။ အဓိကသွားလာတာကတော့ ဝန်ထမ်းတွေပေါ့နော” လို့ သယ်ယူပို့ဆောင်ရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ကိုသံချောင်းက ပြောပါတယ်။

ဒီးမော့ဆို-မော်ချီး-မယ်စဲ့ လမ်းကြောင်းက တောင်ကြားလမ်းဖြစ်ပြီး ချိုင့်ဝှမ်းများတဲ့ လမ်းဖြစ်သလို ရေချောင်းတွေကို ဖြတ်သန်းသွားလာရပါတယ်။ အခုလက်ရှိကာလက မိုးများတဲ့ ရာသီဖြစ်လို့ ချောင်းရေမြင့်တက်လာတာကြောင့် ဖြတ်သန်းသွားရတာ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

“မိုးတွင်းက လမ်းအရမ်းချော်တာလေး။ အရမ်းကြောက်ဖို့ကောင်းတယ်။ လမ်းဘေးတွေမှာဆို မှောက်သွားတဲ့ကား၊ သစ်ပင်နဲ့ ဝင်တိုက်ထားလို့ ထိုးရပ်ထားတဲ့ကားတွေ တွေ့ရတော့ ပိုတောင် ကြောက်သေးတယ် ။ မပြန်ရဲဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

IEC ယာဥ်လိုင်းကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကစလို့ ပြေးဆွဲလာတာ အခုဆိုရင် ခုနှစ်လရှိလာပြီ ဖြစ်ပါတယ်။ ခုနှစ်လတာအတွင်း ခရီးသည် စရိတ် အပြောင်းအလဲ မသတ်မှတ်ထားဘူးလို့လည်း ပြောပါတယ်။

IEC ယာဥ်လိုင်းကို လိုက်ပါစီးနင်းတဲ့ ခရီးသည်တစ်ဦးကို ၃ သိန်းပေးဆောင်ရတာဖြစ်ပါတယ်။ လမ်းခရီးကြမ်းတမ်းမှုကြောင့် ပျက်စီးသွားတဲ့ IEC ရဲ့ လိုင်းကားအားလုံးနီးပါးကိုလည်း ပြုပြင်နေရတယ်လို့ ကိုသံချောင်းက ဆက်ပြောပါတယ်။

“ပွင့်လင်းရာသီမှာ နေ့တစ်ပိုင်းသွားရမဲ့ ခရီးတွေက လေးငါးရက်၊ တစ်ပတ် လောက်ကြာအောင်တောင်မှ မသေချာဘူး။ ကားတွေက နစ်လိုက် ကျွံလိုက်ဆို‌တော့ ဝိတ်ပါတဲ့ ကားတောင်မှသွားလာဖို့မလွယ်ဘူးပေါ့” လို့ ကို သံချောင်းက ပြောပါတယ်။

လက်ရှိအချိန်မှာ ကားယာဥ်တွေကို ပြုပြင်နေရပေမဲ့ ယာဥ်လိုင်းကိုတော့ ရပ်နားထားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးအတွက် ယာဥ်လမ်းကြောင်းပြုပြင်ရေးကို IEC က ရန်ပုံငွေချထားပေးပေမဲ့ ပြီးဆုံးအောင် မဆောင်ရွက်နိုင်သေးဘူးလို့ သိရပါတယ်။

spot_img
spot_img