spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲက စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီ ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် ပြည်သူ ၃ဦး သေဆုံး၊ ၃ဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့က စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ယမန်နေ့ ဒီဇင်ဘာ ၄ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမဟုတ်တဲ့ စစ်ရှောင်စခန်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ပြည်သူ ၃ဦးသေဆုံးတာပေ့ါနော်။ အမျိုးသား တစ်ဦး မီးလောင်သေဆုံးရတယ်။ နောက်ပြီး အမျိုးသမီးရယ် ကလေးငယ်တစ်ဦး စုစုပေါင်း ၃ဦးသေဆုံးရတယ်ပေ့ါနော်။ နောက်ပြီးတော့ ကလေးသူငယ် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ပေါ့။”လို့ တာအယ်စိုးက ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ပြည်သူတွေရဲ့ အသက်အရွယ်နဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အခြေအနေကို အသေးစိတ်မသိရသေးဘူးလို့ တာအယ်စိုးက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းဗုံးဟာ လူထုနေထိုင်တဲ့ တဲပေါ်ကျပြီး တစ်အိမ်သားလုံးထိခိုက်ဒဏ်ရာရခဲ့ကာ ဖခင်ဖြစ်သူမှာ သေဆုံးခဲ့ပြီး မိခင် ဖြစ်သူနဲ့ သမီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲကယ်ဆယ်ရေးအသင်းက ယမန်နေ့ ဒီဇင်ဘာ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ထားတာရှိပါတယ်။

ဓါတ်ပုံ – Mobye Resume Team

ဒါ့အပြင် ဒီဇင်ဘာလ ၃ ရက်နေ့မှာလည်း ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ဆိုင်ခွန်ကျေးရွာအနီးအနားကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၄နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။ ဒီဇင်ဘာလအတွင်း ဖယ်ခုံမြို့နယ်အတွင်းက အရပ်သားနေထိုင်ရာနေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၄ဦးထိမှန်သေဆုံးခဲ့ရပါတယ်။

မိုးဗြဲမြို့မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖို့ တကျော့ပြန် နှစ်ဖက် တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုတွေကြောင့် ပြည်သူတွေ တိမ်းရှောင်နေရတာပါ။ လက်ရှိမှာလည်း တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ အလှမ်းဝေးတဲ့ နေရာတွေကို လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကို စစ်ကောင်စီက ခပ်စိတ်စိတ်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts