ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ထပ်မံ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ ဗုံးကြဲတဲ့ အဆိပ်ငွေ့ကို ရှူရှိုက်မိပြီး ခံစားရတဲ့ လက္ခဏာတွေကို လက်ရှိမှာ ရှူရှိုက်မိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ခံစားနေရတယ်လို့ ဆိုပါတယ်။
“ ရဲဘော်တွေ ပြန်ပြောပြချက်အရက စစ်ကောင်စီက ရှေ့တန်းတွေမှာ အဆိပ်ငွေ့တွေ သုံးတယ်ပေါ့နော်။ ရဲဘော်တွေက အဆိပ်ငွေ့ကြောင့် မူးဝေအော့အန်တာ အရင်က ဖြစ်ဖူးတဲ့ လက္ခဏာ တွေ ပြန်ခံစားကြတယ်လို့ ပြောပြတာရှိတယ်။”လို့ တာအယ်စိုးက ဆိုပါတယ်။
မိုးဗြဲမြို့မှာတော့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ နေ့စဉ်ရက်ဆက် အသုံးပြု ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ ကြိုးစားနေတာ ၄လ ကျော်ရှိနေပြီး မြေပြင်စစ်ကြောင်းထိုးတာလည်း ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မိုးဗြဲတိုက်ပွဲအတွင်း လေယာဉ်နဲ့ ဒရုန်းသုံးပြီး အဆိပ်ငွေ့ဗုံးပါ ကြဲချတိုက်ခိုက်နေတဲ့အကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) စစ်ဗျူဟာ အမှတ် (၁)က မေလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် မိုးဗြဲက ဘီလူးချောင်းထဲကို စစ်ကောင်စီက အဆိပ်ရည်တွေ လောင်းထည့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုးဗြဲတိုက်ပွဲနဲ့ အလှမ်းဝေးတဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတစ်နေရာကို မေလ ၆ ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ပြီး အဆိပ်ငွေ့ဗုံးပါ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းက ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ဖို့ဆိုပြီး မေလ ၆ ရက်နေ့ကနေ မေလကုန်ထိ အပစ်ရပ်ကာလ ထပ်တိုး ကြေညာထားပေမယ့် အခုလို တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီက နေ့စဥ်နဲ့အမျှ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူလူထုတွေအနေနဲ့ သတိထားသွားလာကြဖို့ကိုလည်း KNDF စစ်ဗျူဟာ အမှတ် (၁)က တိုက်တွန်းထားပါတယ်။