ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးလာပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း လက်နက် ၂ လက်နဲ့ ခဲယမ်း တချို့ကို သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်သား ၃ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ကယန်း အမျိုးသား တပ်မတော်( KNA) က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ ညမှာ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီ တပ်သား အင်အား ၃၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာခဲ့ပြီး KNA တပ်ဖွဲ့နဲ့ တိုက်ပွဲပြဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၃ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် အထိနာကာ စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၁၉)ရက်နေ့ကလည်း စစ်ကောင်စီက အင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ မိုးဗြဲမြို့ ရှေ့တန်းတစ်နေရာမှာ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ တပ်ဖွဲ့နဲ့ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်သား ၁၅ ဦးထက်မနည်း အထိနာခဲ့တယ်လို့ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ က ပြောဆိုထားပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သားတွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ယခုရက်ပိုင်းအတွင်း ထပ်မံ စစ်ကြောင်းထိုးလာမှုမရှိပေမယ့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတွေတော့ရှိတယ်လို့ ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာ ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း အထိနာတဲ့အချိန်တွေမှာ အရပ်သားရှိရာအရပ်ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာ နေထိုင်ကြဖို့ကိုလည်း KNA က အသိပေးနိုးဆော်ထားပါတယ်။