spot_imgspot_imgspot_imgspot_img
Tuesday, March 25, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီ လေယာဥ်ဗုံးကြဲ၊ ပြည်သူ့နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲသွားတာကြောင့် ပြည်သူနေအိမ်အချို့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ KNDF တပ်ရင်း( ၃ ) တပ်ရင်းမှူး ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ယက် စာမျက်နှာမှာ ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့်အသက်ဆုံးရှုံးမှုတွေကော နေစရာပါမကျန်ရှိတော့ဘူးလို့ KNDF တပ်ရင်း( ၃ ) တပ်ရင်းမှူးက သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပြောဆိုထားပါတယ်။

“တချို့ကနေစရာတွေဆုံးရှုံးရပြီ။ တချို့က အသက်ဆုံးရှုံး ကျန်တဲ့တချို့ကလည်း ဒုက္ခခံနေတုန်း။ ၁၉ ရက်မှာ လာချသွားတာ ရစရာကိုမရှိတော့ဘူး။”လို့ သူကရေးသားထားပါတယ်။

ယမန်နေ့ ဖေ‌ဖော်ဝါရီ ၁၉ ရက်နေ့ ညနေပိုင်းမှာ မိုးဗြဲမြို့ပေါ်ကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်နဲ့ပါတ်သက်ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်မသိရဘူးလို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“လေယာဥ်လာကြဲသွားတာလေ မိုးဗြဲမှာ။ ထိခိုက်ပျက်စီးမှုအချက်အလက်တွေတော့ မသိရသေးဘူး။ ပျက်စီးမှုကရှိမှာပဲလေ လေယာဥ်နဲ့ လာကြဲတာကိုး။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်ကဆိုပါတယ်။

ဒီလ ဖေဖော်ဝါရီ လအတွင်းမှာ မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေပြီး ဘာသာရေးအဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုတွေ ရှိသလို နေအိမ်ထိခိုက်ပျက်စီးမှုတွေ များနေပါတယ်။

ကိုယ့်နေရပ် ကိုယ့်ဒေသရဲ့ ပျက်စီးမှုတွေကို မြင်တွေ့ရပြီး စိတ်မကောင်းဖြစ်ရတယ်လို့ မိုးဗြဲဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ကိုယ့်မြို့ကိုယ့်ရပ်ကွက်တောင် မမှတ်မိတော့တဲ့အခြေအနေထိပေါ့။ သူများတင်ထားတဲ့လိုင်းပေါ်ကနေပဲ တွေ့ရတာ ဖြစ်ပျက်တာတွေက တအားပျက်စီးသွားတော့ ကိုယ့်အိမ်ဖက်လာ ကိုယ့်ရပ်ကွက်ဖက်လာတောင် မနည်း ပြန်ကြည့်ယူရတဲ့အထိဖြစ်နေပြီ။ တအားပျက်စီးနေပြီကော။ မြင်တွေ့ရတာတွေစိတ်မကောင်းဘူး။” လို့ ဒေသခံ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

ဓါတ်ပုံ – Ko Gyi Thein Tun

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာလည်း မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့တာရှိပါတယ်။

တစ်နှစ်ကျော်ကြာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့မှာတော့ စစ်ကောင်စီရဲ့ ခမရ (၄၂၂) တပ်ကနေ စစ်ကြောင်းထိုးလာကာ တော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတာ ၃လဝန်းကျင်ရှိနေပါပြီ။

လက်ရှိမှာတော့ မိုးဗြဲမြို့ ပေါ်က တိုက်ပွဲအခြေအနေနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို တော်လှန်ရေးတပ်ဖွဲ့ကနေ တစုံတရာ အသိပေးထုတ်ပြန်ထားခြင်းမရှိသလို ကန္တာရဝတီတိုင်း(မ်)ကနေ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သတင်းအချက်အလက်မရရှိနိုင်သေးပါဘူး။

spot_img
spot_img
spot_img

Recent posts