spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ ၄ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်မှုတွေရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး ယနေ့အထိ ၄ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၂နာရီကျော်အချိန်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးဗြဲမြို့ ၊ လွယ်ဝိုင်းကျေးရွာ အနီးအနားကို စစ်ကောင်စီက ပေါင်၅၀၀ ဗုံးနဲ့ ၄လုံးခန့် လာရောက်ဗုံးကြဲခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် (KA)စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ပေါင် ၅၀၀ နဲ့ ၄လုံးလာကြဲသွားတယ်။ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ခုထိ မိုးဗြဲမှာ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေဆဲပဲ။ ပြီးခဲ့တဲ့ ရက်က မိုးဗြဲဖက် စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ ကြိုးစားနေလို့ ထိတွေ့မှုပြင်းထန်တယ်။ ဒီမနက်လည်း နေရာတွေကို ပြန်ယူဖို့ သူတို့ ကြိုးစားနေပါတယ်။ ခုထိလည်း တိုက်ပွဲဖြစ်နေပါတယ်။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

မိုးဗြဲအခြေစိုက် ခမရ ( ၄၂၂)တပ်ရင်းကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်တယ်လို့ မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး နေ့စဉ်ရက်ဆက် မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီရဲ့ လွိုင်ကော်အခြေစိုက်တပ်ရင်း ၊ မိုးဗြဲ ၊ ဖယ်ခုံ အခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

“ပိုပြင်းထန်တာက ၁၉ ၊ ၂၀ ၊ ၂၁ အခုနောက်ပိုင်းပေါ့ ၁၉ရက်နေ့ကစတယ်။ လက်နက်ကြီးက ရက်တိုင်းလိုပဲပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ရက်တွေကတော့ အသံပိုကြားရတယ်။ တိုက်ပွဲမဖြစ်တဲ့ရက်ဆို တရက်ကို တလုံး၊ နှစ်လုံး ပဲ ဒါပေမယ့် တိုက်ပွဲဖြစ်ရင်တော့ နေ့တိုင်းပစ်တယ်။ တစ်ရက်နဲ့တစ်ရက်က မတူဘူး။”လို့ မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ပြောပါတယ်။

ပုံစာ – ဒီကနေ့ ဇန်နဝါရီလ ၂၂ မနက်က ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲတဲ့နေရာကို တွေ့ရစဉ်။

၂၀၂၃ခုနှစ် ၊ တစ်လေးလုံးစစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ခဲ့ပြီး တစ်နှစ်အကြာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကစလို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားနေတာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကတော့ မိုးဗြဲမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ဖို့ မကြာခဏ စစ်ကြောင်းထိုးနေပြီး လေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်မှုကို အဓိက အသုံးပြုနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

၂၀၂၅ခုနှစ် နှစ်စပိုင်းကစလို့ စစ်ကောင်စီကတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာ ၊ စစ်ရှောင်စခန်းရှိရာနေရာတွေကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှု ပြုလုပ်နေတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာလည်း မိုးဗြဲမြို့နဲ့ နီးတဲ့ ဖယ်ခုံအင်းအရှေ့ဘက်ကမ်း၊ လွယ်ပေါ ၊ နန်းပေါလုံ ကျေးရွာထဲ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts