ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့အနီး၊ ဝါရီဆူးပလိုင်ကျေးရွာမှာ အမျိုးသား လူအရိုးစု နှစ်ခုကို ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။
ကျေးရွာအတွင်းက အိမ်သာကြွင်းထဲမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“မနေ့ညတွေ့တယ်။ ဒီရက်သွားဆယ်လိုက်တယ်။ နှစ်ယောက်ရှိတယ်။ တစ်ယောက်က ရွာသား။ တစ်ယောက်က မသိရသေးဘူး။ ၂ရက်လောက် ထားအုံးမှာပေါ့နော်။ လာရှာတဲ့ လူမရှိရင် ရဲဘော်နဲ့ သဂြိုလ်ခိုင်းထားတယ်။ “လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

တွေ့ရှိခဲ့တဲ့ အရိုးစုနှစ်ခုအနက် တစ်ခုကတော့ ဝါရီဆူးပလိုင် ရွာသားဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ကျန်တစ်ဦးတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးတဲ့ အရိုးစုမှာ ကျောပိုးအိတ်ပါရှိပြီး ကျောပိုးအိတ်ထဲမှာ ဆိုင်ကယ်ပြင်ပစ္စည်းတွေနဲ့ အဝတ်အစားတွေလည်း ပါတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံအမျိုးသားက ပြောပါတယ်။
ဝါရီဆူးပလိုင်ကျေးရွာအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ရက်နေ့မှာ တစ်ကြိမ် ၊ ဒီဇင်ဘာ ၄ရက်နေ့မှာ တစ်ကြိမ် နဲ့ လက်ရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း ၃ကြိမ် တွေ့ရှိခဲ့ကာ လူအရိုးစု ၅ ခု တွေ့ရှိနေပြီ ဖြစ်ပါတယ်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဝါရီဆူးပလိုင်ကျေးရွာထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ကျေးရွာခံ ၂၀ ဦး ပျောက်ဆုံးခဲ့တယ်လို့ ဒေသခံပြောပြချက်အရ သိရပါတယ်။