ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ တစ်ရက်အတွင်း စစ်ကောင်စီရဲ့ မီးလောင်ဗုံးကြောင့် နေအိမ် ၂လုံး ထပ်မံ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
မိုးဗြဲမြို့ နဲ့ အနီးဝန်းကျင်မှာ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ မိုးဗြဲ PDF ၁၀၀၁ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“နေအိမ်မီးလောင်တာတော့ ရှေ့ ၂ရက်က လောင်သေးတယ်။ ဒီတစ်ရက်နှစ်ရက်တော့ ထပ်လောင်တာမရှိဘူး။ စစ်ကောင်စီဖက် က မီးလောင်ဗုံးကို သုံးနေတုန်းပဲပေ့ါနော်။ အဲ့ရက်လောင်တာတော့ ၂လုံးပေါ့။”လို့ မိုးဗြဲ PDF ၁၀၀၁ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
မတ်လအတွင်းမှာ စစ်ကောင်စီဟာ မိုးဗြဲမြို့ကိုပြာကျအောင် ရည်ရွယ်ပြီး ခမရ ၄၂၂ တပ်စခန်းကနေ နေ့တိုင်း မီးလောင်ဗုံး အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ အဆိုပါပစ်ခတ်မှုတွေကြောင့် မတ်လအတွင်းမှာပဲ နေအိမ်ပေါင်း (၃၀)ထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာ ရှမ်းတောင်စစ်ဒေသခွဲက ထုတ်ပြန်ထားတာရှိပါတယ်။

မိုးဗြဲမြို့ပေါ်မှာ ရှိတဲ့ လူနေအိမ်တွေ၊ ခြံဝန်းတွေဟာ ခြုံနွယ်ထူထပ်တာတွေကြောင့် စစ်ကောင်စီ က မီးလောင်ဗုံးနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ကူးစက် လောင်ကျွမ်းမှုတွေလည်းရှိတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
နေအိမ် မီးလောင်နေတဲ့အချိန်မှာ နီးစပ်ရာ တော်လှန်ရေးရဲဘော်တွေကနေ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။