ကန္တာရဝတီတိုင်း ( မ် )
ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မတ်လ (၁၆)ရက်နေ့မှာ နေအိမ် ၄လုံးထပ်မံ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“မနေ့က(မတ်လ ၁၆) မီးလောင်ပြီး ပျက်စီးသွားတဲ့ နေအိမ်က ၄လုံးဝန်းကျင်ရှိမယ်။ စစ်ကောင်စီကနေ့တိုင်းပဲ လက်နက်ကြီးထုလာတာ။ ခနနေတောင်မှာ နေအိမ် ထပ်ပြီး လောင်လည်းလောင်နိုင်ဦးမှာ သူတို့(စစ်ကောင်စီ) ပစ်ခတ်ပုံက။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
မိုးဗြဲတိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာလအတွင်းကစပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်းဗုံးကြဲမှု ၊ ဒရုန်း နဲ့ မီးလောင်ဗုံး အသုံးပြုမှုတွေကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူ့နေအိမ်အဆောက်အဦးရှိရာနေရာတွေကို လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်အထိ ၁၅ ရက်အတွင်း နေအိမ် (၁၅)လုံးနဲ့အထက် ပျက်စီးခဲ့တယ်လို့ KNDF က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့တွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ နေအိမ်တွေကို သန့်ရှင်းရေးပြန်မလုပ်နိုင်တဲ့အတွက် သစ်ရွက်ခြောက် ၊ မြက်ခြောက်ကနေတဆင့် မီးလောင်ကူးစက်မှာကို စိုးရိမ်နေကြပါတယ်။
တစ်နှစ်ကျော်ကြာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် လူအင်အား၊ ဒရုန်းနဲ့ လက်နက်အင်အားပိုမို အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။