ကန္တာရဝတီတိုင်း ( မ် )
ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲမြို့မှာ စစ်ကောင်စီက မီးလောင်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မတ်လအတွင်း ပြည်သူ့ နေအိမ် ၃၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ရှမ်းတောင်စစ်ဒေသခွဲတပ်ဖွဲ့ဆီကနေ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု ၊ လက်နက်ကြီးပစ်ခတ်မှု အပြင် မိုးဗြဲအခြေစိုက်တပ်ရင်းကနေ မီးလောင်ဗုံးကို အဓိကအသုံးပြုပြီး ပစ်ခတ်နေတယ်လို့ အမှတ်(၁) ဗျူဟာမှ ရှမ်းတောင်စစ်ဒေသခွဲရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“တစ်ရက်ကို နေအိမ် သုံး၊ လေး လုံး လောင်တယ်။ အဓိက လောင်ရတဲ့အရင်းမြစ်ကလည်း မီးလောင်ဗုံးနဲ့ပစ်တာပါ။ ၄၂၂ (မိုးဗြဲအခြေစိုက် ခမရ ၄၂၂) တပ်ထဲကနေ ပစ်လာတာ။ မီးလောင်ဗုံးတခုတည်းပါ။”လို့ အမှတ်(၁)ဗျူဟာမှ ရှမ်းတောင်စစ်ဒေသခွဲရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
မိုးဗြဲမြို့က နေအိမ်အများအပြား မီးလောင်ပျက်စီးအောင် နေ့စဉ်အသုံးပြုတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ယမန်နေ့ မတ်လ ၂၀ ရက်နေ့မှာ အမှတ်(၁)ဗျူဟာမှ ရှမ်းတောင်စစ်ဒေသခွဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ မိုးဗြဲမြို့ကို ပြန်လည်ရရှိဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ယနေ့ထိ လူအင်အား၊ လက်နက်အင်အား အပြင် ဒရုန်း၊ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာ ၄လထဲ ရောက်ရှိလာပြီဖြစ်ပါတယ်။
ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ကို ရှမ်းတောင်စစ်ဒေသခွဲ အမှတ်(၁)ဗျူဟာ အပြင် တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည် ခုခံတိုက်ခိုက်နေတာဖြစ်ပြီး မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေကပဲ ဆက်လက်ထိန်းချုပ်နေဆဲဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယခုမတ်လအတွင်းမှာတော့ မိုးဗြဲမြို့မှာ ယခင်လတွေထက် တိုက်ပွဲ ပိုမိုပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံး၊ အထိခိုက်တွေလည်း ရှိနေပါတယ်။ နေ့စဥ်ထိတွေ့တိုက်ပွဲရှိနေတာကြောင့် အရပ်သား ပြည်သူတွေအနေနဲ့ မိုးဗြဲမြို့အနီး ဝန်းကျင်တစ်လျှောက် သတိထား သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပါတယ်။