ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ အရပ်သား ၂၆ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်အဖြစ် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ဇွန်လ ၁၄ ရက်နေ့မှာ ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီက ဇွန်လ ၆ ရက်မှ ၈ ရက်အတွင်း မိုးဗြဲမြို့စေတီတော်အနီးမှာ ဒေသခံရွာသား ၁၄ ဦးကို အစုလိုက်အပြုံလိုက်ပစ်သတ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် အခြားသော ပြည်သူ ၁၂ ဦးလည်း သေဆုံးခဲ့ရတယ်လို့ ဒေါက်တာဆာဆာ က ပြောပါတယ်။
လူမျိုးတုံးအစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမှာဖြစ်ပြီး ကူညီပံ့ပိုးပေးသူတွေကိုလည်း ရာဇဝတ်မှုပိုပြီး ကျူးလွန်အောင် ကူညီခြင်းဖြစ်တာကြောင့် တာဝန်ခံရမှာဖြစ်တယ်လို့ ဒေါက်တာဆာဆာ က ထုတ်ပြန်ချက်မှာ ထည့်ရေးထားပါတယ်။
“နိုင်ငံတကာအသိုက်အဝန်းများ၊ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အထူးသဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန်နှင့် ကျူးလွန်သူများအား တရားမျှတမှုရှိစေရန် ရနိုင်သော နည်းလမ်းအားလုံးကို အသုံးပြု၍ ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ ထပ်မံတောင်းဆိုပါသည်။“ လို့ ဒေါက်တာဆာဆာ က တောင်းဆိုထားပါတယ်။
သေဆုံးခဲ့ရတဲ့ အရပ်သားတွေရဲ့ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး သေဆုံးသူတစ်ဦးမှာ စေတီတော်ဝန်းအတွင်း ဦးခေါင်းကို ပစ်သတ်ခံရတဲ့ ဗီဒီယိုဖိုင်မှာ မြင်တွေ့ရသလို အခြားသော သေဆုံးသူ ၃ ဦးကိုလည်း ဒူးထောက်ခိုင်းပြီး ပစ်သတ်ခဲ့တဲ့ ပုံစံအနေအထား တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့ မိုးဗြဲမြို့ကစစ်ရှောင်ကူညီတဲ့အသင်းအဖွဲ့တွေရဲ့စာရင်းအရ မေလ ၂၇ ရက်နေ့ နောက်ပိုင်းကနေ လက်ရှိအချိန်ထိ အရပ်သားသေဆုံးမှု၊ ပျောက်ဆုံးမှုက ၃၅ ဦး ဝန်းကျင်ရှိတယ်လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောဆိုထားတာ ရှိပါတယ်။
သေဆုံးသူတွေဟာ စစ်ရှောင်ဖို့ သွားတဲ့ လမ်းမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရတာ၊ နေအိမ်ထဲ ပိတ်မိတဲ့ အရပ်သားတွေကို ဖမ်းဆီးပြီးပစ်သတ်တာ၊ လက်နက်ကြီးထိမှန်ပြီး သေဆုံးတာတွေ ဖြစ်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်သလို အလွယ်တကူခွင့်လွှတ်နားလည်ပေးလို့ရတဲ့ ဖြစ်စဉ်မဟုတ်တာကြောင့် ရှုတ်ချတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားကလည်း ပြောဆိုထားပါတယ်။
“ဒီကိစ္စအပေါ်မှာ အလွယ်တကူခွင့်လွှတ်နားလည်ပေးလို့ရတဲ့ ဖြစ်စဉ်မဟုတ်ဘူးပေါ့နော။ သေချာစစ်ဆေးစုံစမ်းပြီး တချိန်ကျရင် အသွင်ကူးပြောင်းကာလမှာဖြစ်စေ ဥပဒေကြောင်းအရပေါ့နော အပြစ်ပေးအရေးယူ တရားမျှတမှုကို ပြန်ဖော်မှသာလျှင် နောက်နောင် ဒီလိုမျိုး ချိုးဖောက်မှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မလို့ အဆိုးဝါးဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုထဲမှာ ညှင်းပန်းခြင်း၊ အဓမ္မပြုကျင့်ခြင်းက အဆိုးဝါးဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ထပ်မံရှုတ်ချပါတယ်။” လို့ ဦးဗညား က ပြောပါတယ်။
မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကြောင်းသုံးကြောင်းထက်မက စစ်ကောင်စီက လှုပ်ရှားနေပြီး စစ်ကြောင်းတစ်ကြောင်းမှာ အင်အား အနည်းဆုံး ၈၀ ဦးရှိတယ်လို့ မိုးဗြဲ PDF က ပြောဆိုထားပါတယ်။
မိုးဗြဲမြို့ပေါ်မှာ နှစ်ဖက်စစ်ရေးတင်းမာနေဆဲအခြေအနေဖြစ်ပြီး တိုက်ပွဲကလည်း နေ့စဉ်ပြင်းထန်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ လုံခြုံရေးအထူးကရုစိုက်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့ကတော့ အသိပေးထားတာရှိပါတယ်။
မိုးဗြဲမြို့မှာ ရပ်ကွက် (၁၄) ရပ်ကွက်ရှိပြီး လူဦးရေ သုံးသောင်းဝန်းကျင်နေထိုင်ကြပြီး စည်းကား၊ ညောင်ဝိုင်း၊ ပွဲကုန်း စတဲ့ ပြည်ထောင်စုလမ်းမကြီး အပေါ်ဖက်က ရပ်ကွက်တွေမှာ ဒီကနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာပါ။
ISP Myanmar ရဲ့ ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ၅ လ တာအတွင်း အရပ်သားသေဆုံးမှုဟာ ၇၄၈ ဦး ရှိပြီး ကရင်နီပြည်နယ်မှာ တတိယအများဆုံး ပြည်နယ် ဖြစ်နေပြီး ပထမ အများဆုံး အရပ်သားသေဆုံးမှုဟာ စစ်ကိုင်းတိုင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။