spot_imgspot_imgspot_imgspot_img
Sunday, July 20, 2025
spot_imgspot_imgspot_imgspot_img

မုန်တိုင်းနှင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားလာရင် ဘေးကင်းအောင် ဘယ်လိုနေထိုင်မလဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယပတ်မှာ “ရာဂီ” လို့ခေါ်တဲ့ တိုင်ဖွန်းမုန်တိုင်းဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာ၊ ရေကြီးရေလျှံ ရေနစ်မြုပ်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီမုန်တိုင်းရဲ့ ဆိုးကျိုးသက်ရောက်မှုကြောင့် ကရင်နီက မြို့နယ် (၁၀) မြို့နယ်မှာ ရှိကြတဲ့ စစ်ဘေးရှောင်စခန်း (၁၆)ခု နဲ့ကျေးရွာပေါင်း (၅၄) ရွာဟာ ရေဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ ခဲ့ရပါတယ်။ ဒါတွေအပြင် ပြည်သူ ၃၀ နီးပါးသေဆုံးခဲ့ရတာပါ။

ဒီနှစ် ၂၀၂၅ ခုနှစ်မိုးကြိုကာလမှာလည်း လေပြင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ကျေးရွာနဲ့ စစ်ရှောင်စခန်းတခုမှာ လူနေအိမ်ပျက်စီးတာနဲ့ တောင်ပေါ်ကနေ ကျောက်တုံးလိမ့်ကျတာတွေကြောင့် စစ်ရှောင်တဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

ဒါကြောင့် ဒီလို သဘာဝဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ မုန်တိုင်းနဲ့ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့မယ်ဆိုရင် ဘေးကင်းအောင်ဘယ်လိုနေထိုင်မလဲ ဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

မုန်တိုင်းနဲ့ ရေကြီးရေလျှံမှုဖြစ်ပွားလျှင် ဘယ်လိုနေထိုင်မလဲ။

အပူချိန်တွေ မြင့်တက်လာတဲ့အခါ ရေခိုးရေငွေ့တွေ ပိုမိုစုစည်းစေပြီး လေထုမငြိမ်မသက်ဖြစ်တာ၊ စိုက်ဆင်းလေပြင်းတွေတိုက်ခတ်တာ၊ မိုးသီးကြွေတာနဲ့ မိုးရွာသွန်းတာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီလို အလွန်ပြင်းထန်တဲ့ မိုးလေဝသဖြစ်စဉ်တွေကို ဆိုင်ကလုန်းမုန်တိုင်း လို့ ခေါ်ဆိုကြပါတယ်။

အပူပိုင်းဒေမှာ ဖြစ်ပေါ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေကိုတော့ နေရာဒေသကွဲပြားမှုကြောင့် ဟာရီကိန်း (hurricane) နဲ့ တိုင်ဖွန် (typhoon) ဆိုပြီး နာမည်ခေါ်ဆိုကြပါတယ်။ ပူနွေး‌တဲ့ရေထုအထက် လေဖိအားနည်းရပ်ဝန်းပိုင်း အတွင်းဘက်ကို လေတွေ ဝဲကတော့ပုံစံ ဝေ့ဝိုက်တိုက်ခတ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ တနာရီကို အနည်းဆုံး ၇၄ မိုင် တိုက်ခတ်နိုင်ပါတယ်။
ဒီလို ဆိုင်ကလုန်း မုန်တိုင်းတွေဟာ ပျက်စီး‌ခြင်းတရား၊ အကြောက်တရားနဲ့ မရေရာမှုတရား စတာတွေကို လူသားတွေဆီ သယ်ယူဆောင်ကျဉ်းပေးနေပါတယ်။

ဒါကြောင့်မုန်တိုင်းမလာခင်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိမ်ပြင်ပက ပစ္စည်းကိရိယာတွေကို အိမ်ထဲကြိုတင် ထည့်ထားရပါမယ်။ အိမ်မှာ ယိုယွင်းတဲ့ နေရာတွေ ရှိမရှိစစ်ဆေးပြီး လိုအပ်ပါက ပြုပြင်ထားသင့် ပါတယ်။ ရေတံလျှောက်တွေ၊ ရေမြောင်းတွေမှာ ရေမအိုင်စေဖို့ ကြိုတင်ရှင်းလင်းထားရမှာဖြစ်ပါတယ်။

မုန်တိုင်းဖြစ်ပွားနေစဉ် အတွင်း ဘေးလွတ်ရာကို မပြောင်းရွှေ့နိုင်သေးဘူးဆိုရင် အိမ်ထဲမှာပဲ နေပြီး ပြတင်းပေါက်တွေနဲ့ ဝေးရာမှာ စိတ်ငြိမ်ငြိမ်ထားပြီး နေထိုင်ရပါမယ်။ မုန်တိုင်းဖြစ်ပွားနေစဉ်နဲ့ မုန်တိုင်းအပြီးမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်နေထိုင်တဲ့အိမ် (သို့မဟုတ်) စစ်ရှောင်စခန်းရဲ့ အန္တရာယ်ရှိနိုင်တဲ့ အနေအထားကို သိထားဖို့လည်း အရေးကြီးပါတယ်။
လက်ရှိ မိမိနေထိုင်တဲ့ရွာ (သို့မဟုတ်) စစ်ရှောင်စခန်းတွေမှာ ဖြစ်ပေါ်နိုင်တဲ့ မုန်တိုင်းနဲ့ ရေကြီးမှု အမျိုးအစားအကြောင်း ကြိုတင်လေ့လာပြီး မုန်တိုင်းနဲ့ ရေကြီးမှုဖြစ်လာတဲ့အခါ အကူအညီ ရယူနိုင်ဖို့ အရေးပေါ် အဆက်အသွယ်တွေကို သိအောင်လုပ်ထားရမှာဖြစ်ပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပွားတဲ့အခါ သေဆုံးသူအများစုဟာ ရေနစ်ပြီးသေဆုံးကြတာတွေက များပါတယ်။ ဒါကြောင့် ရေကူးတတ်တာကလည်း အရေးပေါ်အခြေအနေတွေမှာ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုအပြီး ကျောက်တုံးကြီးလိမ့်ကျတာကိုတွေ့ရစဉ်။

မိသားစုထဲမှာ ကလေးငယ်တွေရှိမယ်ဆိုရင် သူတို့အရွယ်နဲ့ သင့်လျော်တဲ့ စကားလုံးအသုံးအနှုန်းတွေ အသုံးပြုပြီး မုန်တိုင်းနဲ့ ရေကြီးတာက ဘယ်လိုမျိုးအရာတွေဖြစ်တယ်ဆိုတာ သေချာရှင်းပြ ထားရပါမယ်။

နောက်ဆုံးရ မိုးလေဝသသတင်းတွေနဲ့ တရားဝင်အကြံပြုချက်တွေကို ဒေသခံသတင်းမီဒီယာတွေ၊ ရေဒီယိုတွေကနေ အမြဲနားထောင်ပါ။ အရေးပေါ် ဘေးလွတ်ရာကို ပြောင်းရွှေ့နိုင်ဖို့ (ဒါမှမဟုတ်) ဝန်ဆောင်မှု လုပ်ငန်းတွေ ပြတ်တောက်သွားခဲ့ရင် အသုံးပြုနိုင်ဖို့အတွက် တာရှည်ခံအစားအစာ၊ ဆေးဝါး၊ ငွေ‌သား၊ ရှေးဦးသူနာပြုပစ္စည်းအစုံ၊ ဓါတ်မီး နဲ့ သောက်သုံးရန်အတွက်ရေသန့် စတာတွေကို ကြိုတင်ပြင်ဆင် ထားဖို့လိုပါတယ်။ ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ အကြံပြုခံရမယ်ဆိုရင် အရေးပေါ် သုံးပစ္စည်းစုံနဲ့ အရေးကြီး စာရွက်စာတမ်းတွေကို ချက်ချင်းယူ‌ဆောင်ပြောင်းရွှေ့သင့်ပါတယ်။

မုန်တိုင်းနဲ့ ရေကြီးရေလျှံမှုဖြစ်ပွားပြီးလျှင် ဘယ်လိုလုပ်ဆောင်ရမလဲ။

မုန်တိုင်းနဲ့ ရေကြီးရေလျှံတာတွေကြောင့် ရွေ့ပြောင်းနေထိုင်ခဲ့မယ်ဆိုရင် ဒေသဆိုင်ရာ အာဏာပိုင်တွေဆီက နောက်ဆုံးရသတင်းတွေကို စောင့်ကြည့်ပြီး ဘေးကင်းကြောင်း ကြေညာပြီးမှသာ အိမ်ကိုပြန်ပါ။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် အဆောက်အဦးတွေ၊ လမ်းတွေနဲ့ ဓာတ်အားလိုင်းတွေလို အခြေခံ အဆောက်အအုံတွေကို ကြီးကြီးမားမား ပျက်စီးစေနိုင်ပါတယ်။ ဒါတွေအပြင် ရေကြီးရေလျှံမှုတွေကြောင့် ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားစတဲ့ ရေကတဆင့်‌ပြန့်ပွားနိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေတွေကိုလည်း တိုးစေနိုင်ပါသေးတယ်။

သန့်စင်ထားခြင်းမရှိတဲ့ ရေထွက်ပင်ရင်းက ရေကို အသုံးမပြုခင် အနည်းဆုံး သုံးမိနစ်ခန့် ကြိုချက်ပေးရပါမယ်။ အစားအစာတွေကို ချက်ပြုတ်ဖို့၊ အိုးခွက်ပန်းကန်တွေနဲ့ အစာစားရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကိုဆေးကြောဖို့ ကျိုချက်ထားတဲ့ရေကိုပဲ အသုံးပြုသင့်ပါတယ်။ ညစ်ညမ်းတဲ့ရေကိုသောက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ရေစိုနေတဲ့ အစားအစာတွေမစားမိဖို့လည်း လိုပါတယ်။

ရေကျပြီးချိန်ပြန်လာနေထိုင်ဖို့ အိမ်ကိုသန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း ရာဘာလက်အိတ်နဲ့ ဘွတ်ဖိနပ်အပါအဝင် အကာအကွယ်ပေးတဲ့ ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။ အပျက်အစီးအစအနတွေနဲ့ လျှပ်စစ်ဝါယာကြိုးလို အန္တရာယ်ရှိတာတွေကို သတိထားရမှာဖြစ်ပြီး ဆိုးဆိုးရွားရွား ညစ်ညမ်းပျက်စီးသွားတဲ့ ပစ္စည်းတွေကိုတော့ ပြန်လည်အသုံးမပြုဘဲ စွန့်ပစ်သင့်ပါတယ်။

ဒါတွေအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်တဲ့အတွက် ဒီလို သဘာဝအ‌လျောက်ဖြစ်ပျက်တဲ့ မုန်တိုင်းနဲ့ မုန်တိုင်းနောက်ဆက်တွဲတွေဟာ အမြဲတမ်းတည်မြဲနေမှာ မဟုတ်ဘူးဆိုတာကို နားလည်ထားရမှာ ဖြစ်ပါတယ်။

ကိုးကား – UNICEF Myanmar

spot_img

Recent posts