ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတစ်နေရာကို ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၂ ဦး၊ လသားအရွယ်ကလေး ၁ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကန္တာရဝတီတိုင်း (မ်) က ကနဦး သိရပါတယ်။
မော်ချီးဒေသအဝင်က ခဲတူးဖော်ရေးလုပ်ငန်း၊ ခဲ ခါစက်ရှိရာနေရာအနီးကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ထိခိုက်မှုများတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ ခဲတွေဆေးနေတုန်းအချိန်မှာ ပစ်ချသွားတာရော။ အရင်တစ်ခေါက်ထက် အများကြီးထိတယ်။ ကလေးတွေရော လူကြီးတွေရော အကုန်ထိတယ်ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် သေဆုံးသူ ၃ ဦးရှိတယ်လို့ ကနဦးသိရပေမဲ့ စာရင်းအတိအကျကိုတော့ သက်ဆိုင်ရာက လိုက်လံစုစည်းနေဆဲဖြစ်သလို ကန္တာရဝတီတိုင်း (မ်) အနေနဲ့လည်း မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။
ခဲ လုပ်သားတွေစုစည်းပြီး ခဲခါတဲ့ နေရာကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ဘေးပတ်ပတ်လည်မှာ နေထိုင်တဲ့ လုပ်သား မိသားစုဝင်တွေလည်း ထိခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့တုန်းကလည်း မော်ချီးဒေသကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မော်ချီးဒေသတွင်း လေကြောင်းရန်ကာကွယ်ရေးအတွက် မဖြစ်မနေ ဗုံးခိုကျင်းတူးထားဖို့နဲ့ လုံခြုံရေးသတိရှိဖို့ကိုလည်း ဒေသကာကွယ်ရေးတပ် KNSO ကတိုက်တွန်းထားတာရှိပါတယ်။