ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင်း တစ်နေရာကို ယမန်နေ့ (မေလ ၁၃ ရက်)၊ နေ့လည် ၁ နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးအလုံးရေ ၆ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေကပြောပေမယ့် ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ လက်ရှိ မော်ချီးဒေသမှာ starlink အင်တာနက်ကို အသုံးပြုခွင့် ပိတ်ပင်ထားတာကြောင့် ထိခိုက်မှုအခြေအနေ၊ အပျက်အစီးကိုလည်း အတည်ပြုမေးမြန်းတာတွေ မပြုလုပ်နိုင်သေးပါဘူး။
မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြုလုပ်တဲ့ အကြိမ်ရေဟာ ယခုတစ်ကြိမ် အပါအဝင် ၅ ကြိမ်ခန့် ရှိနေပြီဖြစ်ပါတယ်။ ၂၀၂၅ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာ တစ်ကြိမ်၊ ဧပြီ ၂၄ ရက်နေ့မှာ တကြိမ်၊ ဧပြီလ ၂၆ ရက်နေ့မှာ တစ်ကြိမ်၊ မေလ ၁၀ ရက်နေ့မှာ တစ်ကြိမ် ၊ မေလ ၁၃ ရက်နေ့မှာ တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၉ ဦးထက် မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် မေလ ၁၃ရက်နေ့ တစ်နေ့တည်းမှာပဲ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ၊ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နဲ့ ရွှေဘိုမြို့နယ် စတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းဌာနတွေရဲ့ သတင်းရေးသားဖော်ပြချက်အရ သိရပါတယ်။
စစ်ကောင်စီက မေလ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး ကြေညာထားပေမယ့် ယခုရက်ပိုင်း အရပ်သားသေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရသူ များပြားစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မကြာခဏ လုပ်ဆောင်နေတာကြောင့် အရပ်သားတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။