ကန္တာရဝတီတိုင်း (မ်)
ဒီကနေ့ ဧပြီလ၂၆ ရက်နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပျံသန်းမှု တစ်ကြိမ်အတွင်း မော်ချီးဒေသက နေရာ ၂ ခုကို ဗုံး ၁ လုံးစီ ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဟုတ်တယ်လေယာဥ်နဲ့ လာပစ်သွားတယ်။ ကြောက်တယ်။ နှစ်လုံးတော့ကျတယ်။ ပေါင်ဘယ်လောက်လဲတော့ မသိဘူး” လို့ မော်ချီးဒေသခံတစ်ဦးကပြောပါတယ်။
ဗုံးကြဲမှုမှာ နေအိမ်နဲ့ ၊ ကား ပျက်စီးမှုလည်းရှိခဲ့တယ်လို့ ဒေသခံတွေကပြောပေမယ့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီလ၂၄ ရက်နေ့ကလည်း စစ်ကောင်စီက မော်ချီးဒေသက ခဲ ခါစက်ရုံကို ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲချခဲ့ပြီး အရပ်သား ၅ ဦးသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်ကြီးကြောင့် ဧပြီလ ၂ ရက်နေ့ကစလို့ ရက်၂၀ ကြာ အပစ်ခတ်ရပ်စဲရေးကြေငြာခဲ့တာပါ။
ဒါပေမဲ့ နိုင်ငံတစ်ဝှမ်း ဗုံးကြဲတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးတာတွေကိုလည်း လုပ်ဆောင်လျက်ရှိနေပါတယ်။
ကရင်နီပြည်မှာတော့ အပစ်ခတ်ရပ်စဲရေး ကြေငြာပြီးနောက် ဒီးမော့ဆိုမြို့နယ်ကို လက်နက်ကြီးပစ်ခတ်ခဲ့ပြီး၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ၊ မယ်စဲ့မြို့နယ်နဲ့ ဖရူဆိုမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပါတယ်။