ကန္တာရဝတီတိုင်း (မ်)
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ မြင်းမထိတောင် သတ္တုတွင်းတူးဖော်ဖို့ ဆောင်ရွက်နေမှုကို ဒေသခံတွေက ဆက်တိုက်ကန့်ကွက်နေပေမဲ့ လုပ်ငန်းရှင်ကုမ္ပဏီဖက်ကလည်း စက်ယန္တရားပို့ဆောင်နေဆဲဖြစ်တာကြောင့် လုပ်ငန်းရှင်နဲ့ ဒေသခံတွေအကြား သဘောထားတင်းမာနေတယ်လို့ နယ်မြေခံ ပရာဒေါင်းဆွေမျိုးစုဘက်က ပြောပါတယ်။
မြင်းမထိတောင် သတ္တုတူးဖော်မှု လုပ်ငန်းအတွက် စက်ယန္တရား၊ လူလုပ်သား၊ ကုမ္ပဏီတာဝန်ရှိ ပုဂ္ဂိုလ်တွေကို ဧပြီလ ၂၀ ရက်နေ့နောက်ဆုံးထားပြီး အပြီးအပိုင်ရုတ်သိမ်းပေးဖို့ ပရာဒေါင်းဆွေမျိုးစုက လေးပွင့်ကြယ် ကုမ္ပဏီကို ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ က အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ပိုင်မစ္စတာဝမ် ကုမ္ပဏီက ဆက်လက်ပို့ဆောင်နေခဲ့တာကြောင့် နယ်မြေခံ ပရာဒေါင်းဆွေမျိုးစုနဲ့အတူ သိကျိတ်ကျေးရွာဒေသခံတို့က ပူးပေါင်းပြီး သိကျိတ်ကျေးရွာအဝင်မှာ ဧပြီလ ၁၅ ရက်နေ့ကစလို့ သွားလာတဲ့ လမ်းကို ပိတ်ဆို့တားဆီးလိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် ဧပြီလ ၁၇ ရက်နေ့တုန်းက မစ္စတာဝမ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ လေးပွင့်ကြယ် ကုမ္ပဏီကိုယ်စားလှယ် ၅ ဦးက မြင်းမထိနယ်မြေဒေသခံ ပရာဒေါင်းဆွေမျိုးစု ကိုယ်စားလှယ်တွေနဲ့ လာရောက် တွေ့ဆုံခဲ့ပါတယ်။
နှစ်ဖက်တွေ့ဆုံမှုမှာ ခဲ၊ သတ္တုတူးဖော်မှုလုပ်ငန်းကို ချက်ချင်းရပ်တန့်လိုက်ပါက နှစ်ဖက်စလုံးအတွက် အကျိုးရှိမှာမဟုတ်ဘူးလို့ လေးပွင့်ကြယ် ကိုယ်စားလှယ်တွေက ပြောဆိုလိုက်ကြောင်း ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။
“သူတို့က ကျနော်တို့ဖက်လည်း မဆုတ်ရင် သူတို့ဖက်လည်း မဆုတ်ဘူးဆိုတဲ့ပုံစံပေါ့နော။ နှစ်ဖက်စလုံးတင်းမာနေတဲ့ အနေအထားပေါ့။” လို့ ခွန်းအောင်နိုင်စိုးက ပြောပါတယ်။

တွေ့ဆုံမှုအတွင်း သဘောတူညီချက်တစ်စုံတရာကို မချမှတ်နိုင်ခဲ့တဲ့အပြင် ဒေသခံဖက်က ပိတ်ဆို့မှုလုပ်ပေမယ့် ကုမ္ပဏီဖက်က ခဲ၊ သတ္တုတူးဖော်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမယ့် အနေအထားမှာရှိတယ်လို့ ခွန်းအောင်နိုင်စိုးက ဆက်ပြောပါတယ်။
လုပ်ငန်းရှင်ကုမ္ပဏီနဲ့ နယ်မြေဒေသခံတွေအကြား ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ သဘောတူညီချက် မချမှတ်နိုင်သရွေ့ သတ္တုတူးဖော်ရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာ ဖြစ်ကြောင်းလည်း ပရာဒေါင်းဆွေမျိုးစုက သဘောထားထုတ်ပြန်ထားပါတယ်။
အကြီးစား ခဲ၊ သတ္တုတူးဖော်ဖို့အတွက် ဦးသန်းစိုးနိုင်ဦးဆောင်တဲ့ လေးပွင့်ကြယ်ကုမ္ပဏီနဲ့ တရုတ်ပိုင် မစ္စတာဝမ် ကုမ္ပဏီတို့က ၅ နှစ်စာချုပ်ချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။