ကန္တာရဝတီတိုင်း (မ်)
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ မြင်းမထိတောင် သတ္တုတူးဖော်မှု ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုအတွင်း ဦးဆောင်နေတဲ့ ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုးနဲ့ အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်တို့ကို လေးပွင့်ကြယ်ကုမ္ပဏီ ဥက္ကဌ ဦးသန်းစိုးနိုင်ရဲ့ တပ်သားတွေက ဒီကနေ့ (မေလ ၁၆ ရက်နေ့ ) မွန်းလွှဲ ၁ နာရီခန့်မှာ လက်ထိပ်ခတ် ဖမ်းဆီးလိုက်တယ်လို့ သပိတ်အတွင်းပါဝင်တဲ့ လူငယ်တွေက ပြောပါတယ်။
“ဘယ်လိုဖြစ်ပြီးတော့ ဖမ်းသွားတာလဲဆိုတဲ့အချက်ကိုတော့ ကျနော် မသိဘူးပေါ့နော။ သူတို့ဦးရွှေအေးရဲ့ နေအိမ်မှာ စကားပြောတာကိုတော့ ကျနော်တို့ အနေနဲ့ နားထောင်ခွင့်မရှိဘူး။ ပြီးတော့ သွားလည်း မသွားရဘူး။ အဝေးကနေပဲ ကြည့်ရတယ်။ ဒါပေမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အချိန်ကကျတော့ ကျနော်တို့ ခေါင်းဆောင်နှစ်ယောက်က ကြည်ကြည်ဖြူဖြူနဲ့ လိုက်သွားတာကို တွေ့ရတယ်။ ဘာမှရိုက်နှက်ပုတ်သတ်တာမျိုးတော့ မရှိဘူးပေါ့နော။ ဒါပေမဲ့ လက်ထိပ်နဲ့ ဖမ်းသွားတယ် ဆိုတာကိုတော့ ကျနော်တို့တွေ့လိုက်ရပါတယ်။” လို့ သပိတ်ဦးဆောင်ကော်မတီဝင် ကိုအောင်ဇေယျာထွန်းက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။
ဒီကနေ့ မေလ ၁၆ ရက်နေ့မှာ မြင်းမထိတောင်ကာကွယ်ရေးဆန္ဒပြကန့်ကွက်ရေး သပိတ်စစ်ကြောင်းစုစည်းနေစဥ်မှာပဲ လေးပွင့်ကြယ်ကုမ္ပဏီ ဥက္ကဌ ဦးသန်းစိုးနိုင်နဲ့ သားဖြစ်သူ ရောက်လာပြီး သိကျိတ်ကျေးရွာအတွင်းမှာရှိတဲ့ ကယန်းအမျိုးသား ခေါင်းဆောင်ကြီးလည်းဖြစ်၊ ကယန်းပြည်သစ်ပါတီ ဥက္ကဌကြီးလည်းဖြစ်တဲ့ ဦးရွှေအေး (ခ) ငိန်းကယန်းထန် နေအိမ်မှာ တွေ့ဆုံခဲ့ကြပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြင်းမထိသတ္တုတူးဖော်မှုကို ဒေသခံတွေက မေလ ၅ ရက်နေ့ကစလို့ ဒီကနေ့ မေလ ၁၆ ရက်နေ့အထိ ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ်မစ္စတာဝမ်ကုမ္ပဏီနဲ့ လေးပွင့်ကြယ်ကုမ္ပဏီ တို့က ပရာဒေါင်းဆွေမျိုးစု ဒေသမှာရှိတဲ့ မြင်းမထိတောင်ပေါ်မှာ အကြီးစား သတ္တုတူးဖော်မှုပြုလုပ်ဖို့ ၅ နှစ် စာချုပ်ချုပ်ထားခဲ့ကြတာပါ။
သတ္တုတူးဖော်မှုမှာ ဒေသခံတွေရဲ့ ဆန္ဒမပါတာကြောင့် ပရာဒေါင်းဆွေမျိုးစုလူငယ်တို့က အပြင်းအထန် ဆန္ဒပြကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
“သူတို့က အပြုသဘောဆောင်တဲ့ အနေနဲ့ ဖမ်းဆီးသွားရင်တော့တမျိုးပေါ့နော။ ဒါပေမဲ့ အာဏာရှင်လုပ်ရပ် အာဏာရှင်ပီပီ အာဏာကိုအလွှဲသုံးစားလုပ်ပြီးတော့ ကျနော်တို့ လူထုခေါင်းဆောင်ကို ဖမ်းဆီးသွားတယ်ဆိုလို့ရှိရင် အာဏာရှင်နဲ့အတူတူပဲလို့ မြင်တယ်ပေါ့နော” လို့ ကိုအောင်ဇေယျာထွန်းက ဆက်ပြောပါတယ်။
ဆန္ဒပြထုတ်ဖော်မှုတလျှောက်မှာလည်း ဦးသန်းစိုးနိုင်က လုပ်ငန်းသုံးစက်ယန္တရား လုံခြုံရေးအတွက် တပ်သားအစောင့်တွေချထားလျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။