ကန္တာရဝတီတိုင်း (မ်)
ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ် မြင်းမထိဒေသအတွင်း မြင်းမထိတောင်သတ္တုတူးဖော်မှုကြောင့် လေးပွင့်ကြယ်ကုမ္ပဏီနဲ့ ဒေသခံ ပရာဒေါင်းဆွေမျိုးစုအကြား ဖြစ်ပွားနေတဲ့ မကြေလည်မှုကို ကယန်းပြည်သစ်ပါတီဗဟိုကော်မတီက ကြေလည်သွားသည်အထိ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ကယန်းပြည်သစ်ပါတီက မေလ ၁၉ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ လေးပွင့်ကြယ်ကုမ္ပဏီဒါရိုက်တာနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှိနှိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ဖမ်းဆီးပြီးမှ ညှိနှိုင်းဆောင်ရွက်တာက လက်နက်မဲ့ဖြစ်တဲ့ လူထုတွေကို ဖိနှိပ်ခြိမ်းခြောက်တာဖြစ်သလို ဖိအားပေးခံရတဲ့ သဘောတူညီချက်တွေပဲ ထွက်ပေါ်လာနိုင်တယ်လို့လည်း ကယန်းမျိုးဆက်သစ်လူငယ် KNGYရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ဆွေမျိုးစုခေါင်းဆောင်တွေရော ဒေသခံလူထုတွေရောပါဝင်နိုင်တဲ့ လွတ်လွတ်လပ်လပ်လေးဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အခင်းအကျင်းမျိုးနဲ့သွားမှသာလျှင် ဒါကလွတ်လပ်ပြီးတော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးညှိနှိုင်းနိုင်တဲ့ အခြေနေတစ်ခုကို ရလိမ့်မယ်လို့ကျနော်တို့က မှတ်ယူတယ်ပေါ့နော” လို့ ကယန်းမျိုးဆက်သစ်လူငယ် KNGY တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
ကယန်းပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ ကယန်းအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ဒေသတည်ငြိမ်အေးခြမ်းရေးကိုမျှော်ကိုးပြီး ပြေလည်အောင်ညှိနှိုင်းသွားမယ်လို့လည်း ဆိုထားပါတယ်။
လေးပွင့်ကြယ်ကုမ္ပဏီဟာ အကြီးစား ခဲ၊သတ္တုတူးဖော်ရေးအတွက် တရုတ်ပိုင် မစ္စတာဝမ် ကုမ္ပဏီနဲ့ ၅ နှစ်စာချုပ် ချုပ်ခဲ့ရာမှာ ဒေသခံတွေရဲ့ သဘောထားကိုမရယူခဲ့သလို လုပ်ငန်းစီမံကိန်းအကြောင်းကိုလည်း ရှင်းလင်းချပြခဲ့ခြင်းမရှိတာကြောင့် ဒေသခံတွေက အပြင်းအထန် ကန့်ကွက်နေကြတာပါ။
ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် ခဲလုပ်ငန်းအတွက်သတ္တုစမ်းသပ်ရှာဖွေမှု၊ စက်ရုံပြင်ဆင်မှု၊ လမ်းဖောက်လုပ်မှု ရှိခဲ့တဲ့ မစ္စတာဝမ်ကုမ္ပဏီရဲ့ လုပ်ငန်းတွေကလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။
လုပ်ငန်းဆောင်ရွက်ရန်အတွက် မြင်းမထိဒေသခံ ပရာဒေါင်းဆွေမျိုးစုနဲ့ လေးပွင့်ကြယ်ကုမ္ပဏီကြား တွေ့ဆုံညှိနှိုင်းမှု လေးကြိမ်ရှိခဲ့ပေမဲ့ သဘောတူညီချက်တစ်စုံတရာမရခဲ့ဘူးလို့ ပရာဒေါင်းဆွေမျိုးစုကပြောပါတယ်။
ဆွေးနွေးညှိနှိုင်းမှုအတွက် လေးပွင့်ကြယ်ကုမ္ပဏီက ဖမ်းဆီးထားတဲ့ ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်လေးဦးကို ပြန်လွှတ်ပေးပြီး ပွင့်လင်းမြင်သာစွာ ညှိနှိုင်းကြဖို့ကိုလည်း ကရင်နီအရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။