spot_imgspot_imgspot_imgspot_img
Thursday, July 17, 2025
spot_imgspot_imgspot_imgspot_img

မြန်မာဒုက္ခသည်တွေအတွက် ယူရို ၁၅ သန်း ထပ်မံတိုးမြှင့်ကူညီမယ်လို့ EU ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ အရှိန်အဟုန် တိုးလာနေတာကြောင့် စစ်ဘေးသင့် ပြည်သူတွေနဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ ယူရို ၁၅ သန်းကို ထပ်မံတိုးမြှင့်ကူညီမယ်လို့ ယမန်နေ့ (ဇွန်လ ၂၀ရက်နေ့) မှာ ဥရောပသမဂ္ဂ (EU)က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထောက်ပံ့တဲ့ ငွေပမာဏကို ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူတွေရဲ့ စားစရာ၊ အမိုးအကာ၊ ရေသန့်နဲ့ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် အန္တရာယ်ကြီးမားတဲ့ မြေမြှုပ်မိုင်း ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ရှင်းလင်းရန်အတွက် အဓိက ရည်ရွယ် အသုံးပြုသွားမယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ပြည်သူလူထုအတွက် လူသားချင်းစာနာမှုဆိုင်ရာ အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဤထပ်မံချထားပေးတဲ့ ယူရို (၁၅) သန်းဟာ ပြင်းထန်သော အကာအကွယ်မဲ့မှု၊ ဆိုးရွားသော စားနပ်ရိက္ခာဖူလုံရေး အကျပ်အတည်းနှင့် အရေးကြီးသော ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီခြင်းအပါအဝင် ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေရသော လူဦးရေအတွက် သက်သာရာရစေမှာပါ” လို့ EU ရဲ့ အကျပ်အတည်း စီမံခန့်ခွဲမှု ကော်မရှင် အကြီးအကဲ Janez Lenarčič က ပြောဆိုထားပါတယ်။

ဒါ့အပြင် မြန်မာ့ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေကို လုံးဝ မျက်ကွယ် မပြုသင့်သလို လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံအနှံ့ ပဋိပက္ခ အတွင်း နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ စည်းမျဉ်းတွေကို အလေးထားလက်ကိုင်ပြုကြဖို့ကို သူက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ စံချိန်တင်မြှင့်တက်လာပြီး လက်ရှိအချိန်ထိ စစ်ရှောင် ဦးရေ ၃ သန်း ကျော်လွန်လာပြီဖြစ်ပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ၂ သိန်း ၈ သောင်း ကျော် အထိရှိလာတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် ( KCSN ) က ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ၁၉၉၄ ခုနှစ်ကတည်းက ပေးနေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နှစ်စဥ် တိုးမြှင့်ပေးလာသလို ၂၀၂၄ ခုနှစ်အထိ ယူရို (၃၆) သန်းရှိပြီ ဖြစ်ပါတယ်။

spot_img

Recent posts