ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်း ကာလ ၄နှစ်ဝန်းကျင်အတွင်း မြို့နယ်ပေါင်း ၁၆၂ ခုထက်မနည်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၈ထောင်ကျော်ရှိခဲ့ပြီး ရှမ်းပြည်မှာ တိုက်ခိုက်ခံရမှု အများဆုံးဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဖေဖော်ဝါရီ ၃ရက်နေ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ရှမ်းပြည်မှာ တိုက်ခိုက်ခံရမှုအများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ တိုက်ခိုက်ခံရမှု ဒုတိယအများဆုံးဖြစ်ပါတယ်။ ရှမ်းပြည်မှာ အာဏာသိမ်းကာလ ၄နှစ်ဝန်းကျင်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေ ၁၇၀၀ ထက်မနည်း ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာတော့ လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ပေါင်း ၁၃၀၀ ထက်မနည်း ရှိခဲ့တယ်လို့ ဆိုထားတာပါ။
အလားတူ ကရင်နီပြည်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားရှိရာနေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုမကြာခဏ ပြုလုပ်ခဲ့ပါတယ်။ စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၇၈၈ ကြိမ်ရှိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။
“ကျနော်တို့ လူထု ထိန်းချုပ်ထားတဲ့နေရာတွေလည်း ကောင်းကောင်းနေရမှာမဟုတ်ဘူးဆိုပြီး လူထုတွေ ကြောက်လန့်အောင် လူထုတွေ မနေရဲအောင် ကျနော်တို့ထိန်းချုပ်တဲ့ နယ်မြေအတွင်းမှာ မနေရအောင်ပေါ့နော် လူထုတွေကို ပစ်မှတ်ထားပြီးတော့မှ ဒုက္ခရောက်အောင်လုပ်နေတယ်လို့ ကျနော်ပြောလို့ရပါတယ်။” လို့ IEC အတွင်းရေးမှူး -၂ ဦးဗညားက ပြောဆိုပါတယ်။
ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ်ဟာ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပြီး အကြိမ်ရေ ၅၇၃ ကြိမ်ရှိခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိသလို နေအိမ်တွေအပြင် အခြားသောထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့တာပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၄ရက်နေ့အထိ တစ်လကျော်အတွင်း နိုင်ငံတစ်ဝှမ်းမှာ ၁၈နှစ်အောက် ကလေးငယ် (၁၉) ဦးအပါအဝင် အမျိုးသမီး(၅၇) ဦးနဲ့ အမျိုးသား (၆၈) ဦးသေဆုံးမှုရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲက ၈၉ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။