ကန္တာရဝတီတိုင်း ( မ် )
မြန်မာနိုင်ငံမှာ လူ ၄၂ သန်း ဖြစ်တဲ့ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရသူ သို့မဟုတ် ဆင်းရဲမွဲတေမှု အန္တရာယ်နဲ့ နီးစပ်နေသူတွေ ဖြစ်ကြတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဥ် ( UNDP ) က ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီပမာဏဟာ အာဏာသိမ်းပြီးနောက်မှာ လူလတ်တန်းစား ၅၀ ရာခိုင်နှုန်းကျော်ဟာ ဆင်းရဲမွဲတေမှုထဲ ရောက်သွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် လူ ၁၃.၃ သန်းဟာလည်း စာနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
တစ်ပြည်နယ်လုံးနီးပါး စစ်ပဋိပက္ခတွေကြောင့် လူထုတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ကရင်နီပြည်မှာတော့ စားနပ်ရိက္ခာတွေ ပြတ်လပ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေရှိနေသလို ဒေသတွင်းမှာ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကိုလည်း ကြုံတွေ့နေကြရပါတယ်။
“ကြက်သွန်ဖြူ အရင်တစ်ပတ်က တစ်ပိဿာကို တစ်သောင်း နှစ်ထောင် အခုက တစ်သောင်းခွဲ၊ ဆီတစ်ပိဿာဘူးက တစ်သောင်း သုံးထောင်ကနေ တစ်သောင်းလေးထောင် တက်သွားပြီ။” လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။
ကုန်စျေးနှုန်းတွေဟာ ပြန်ကျခြင်းမရှိပဲ ဆက်တိုက် မြင့်မားလာတာကြောင့် ဝင်ငွေရ အလုပ်အကိုင်မရှိတဲ့ စစ်ရှောင်တွေအတွက် နေ့စဥ်ရှင်သန်ဖို့ ပိုမိုခက်ခဲလာပါတယ်။
လမ်းပန်းဆက်သွယ်ရေးပိုမိုခက်ခဲတဲ့အပြင် စစ်ကောင်စီဘက်က ကုန်ပစ္စည်းတချို့တွေကို အကန့်အသတ်နဲ့သာ သယ်ဆောင်ခွင့်ပေးတဲ့အတွက် ကုန်စျေးနှုန်းပိုမိုကြီးမြှင့်လာတယ်လို့လည်း စျေးသည်တချို့က ဆိုကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီပြည်မှာ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းရှစ်သောင်းကျော်ထိ ရှိလာတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် KCSN ရဲ့ စာရင်းအရ သိရပါတယ်။