ဘလက်ဇင်း / ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ် (ရှားတော) ဟာ စစ်ကောင်စီတပ် ကင်းစင်တဲ့ မြို့တခုဖြစ်ပြီး ကြားကာလအစိုးရဖြစ်တဲ့ IEC ကဖွဲ့စည်းထားတဲ့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ကနေ ဒေသတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။
ဒီလိုအုပ်ချုပ်ရေးလုပ်ငန်းကို ဆောင်ရွက်တဲ့နေရာမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ အတူ လူငယ်အဖွဲ့အစည်းတခုကလည်း တက်ကြွစွာ ပါဝင်လုပ်ဆောင်နေပါတယ်။ “ဖေစိုးလေး” လူငယ်အဖွဲ့ပါ။
ဆိုမိုဖေစိုးလေး( ရှားတော) မြို့နယ်ဟာ သဘာဝအလှတရားတွေနဲ့ ကာရံထားတဲ့ တောင်တန်းဒေသတခုဖြစ်ပေမဲ့ လူနေမှုဘဝအခြေနေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ချက်များပြားနေဆဲ ဖြစ်ပါတယ်။
“ဖေစိုးလေး တမြို့နယ်လုံး ဖွံ့ဖြိုးတိုးတက်မှုရှိအောင်ပေါ့။ အဓိက မိရိုးဖလာ(ရိုးရာဓလေ့ထုံးတမ်း) ကအစ မပပျောက်အောင်၊ ဒီမြို့နယ်က တခြားမြို့နယ်တွေနဲ့ ရင်ဘောင်တန်းနိုင်အောင်ဆိုပြီး ကျနော်တို့ ဖွဲ့စည်းခဲ့တယ်။”လို့ လက်ရှိ “ဖေစိုးလေး”လူငယ်အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ခူးကူးရယ်က လူငယ်အဖွဲ့ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောဆိုသွားတာပါ။
ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်က ဒေသခံတွေဟာ ၁၉၉၅ခုနှစ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ စစ်အစိုးရတို့ အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပြီးနောက်မှာ ဖြတ်လေးဖြတ်ရဲ့ ဒဏ်ကို အလူးအလဲ ခံစားခဲ့ရပါတယ်။
နှစ်ဖက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားချိန်မှာ ဒေသခံတွေအများစုက သံလွင်အရှေ့ဘက်ကမ်းလို့ခေါ်တဲ့ နယ်စပ်ဘက်ကို ထွက်ပြေးတာရှိသလို ကိုယ့်ရပ်၊ ကိုယ့်ရွာကို စွန့်ပြီး တခြားဒေသတွေကို ပုံစံမျိုးစုံနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်အစိုးရရဲ့ ဖြတ်လေးဖြတ် ဖြစ်တဲ့ ရိက္ခာဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေဖြတ်တောက်ခြင်း၊ သတင်းအဆက်အသွယ် ဖြတ်တောက်ခြင်း အပြင် လူထုနဲ့ အဆက်အသွယ် ဖြတ်တောက်ခြင်းတွေကြားမှာ ကျေးရွာအများစု ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ဖြတ်လေးဖြတ်ဒဏ်ခံခဲ့ရတဲ့ ၁၉၉၅- ၁၉၉၆ ခုနှစ်မတိုင်ခင် ကျေးရွာပေါင်း ၃၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ စစ်ပဋိပက္ခကာလအတွင်း ကျေးရွာတွေ ရာနဲ့ချီပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနယ်မြေခံတွေဟာ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်ကော်နဲ့ ထိုင်းကရင်နီနယ်စပ်ကို တိမ်းရှောင်သွားကြတဲ့အပြင် တချို့ကတော့ ရှားတောမြို့ပေါ်မှာ စုစည်းကျေးရွာအဖြစ် နေထိုင်ခဲ့ကြပါတယ်။
စစ်အစိုးရအုပ်ချုပ်ရေးမှာတော့ ကျေးရွာအများစုကို မီးရှို့ဖျက်ဆီးတာ၊ အမည်ဖျောက်တာတွေ ရှိခဲ့ပြီး လက်ရှိမှာတော့ အုပ်ချုပ်ရေးစာရင်းအရ ကျေးရွာ ၂၇ ရွာသာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒါ့အပြင် အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ခံရပြီးတော့ ဖြတ်လေးဖြတ်ကြောင့် အရပ်သားအစိုးရတွေတက်လာတဲ့ ၂၀၁၅ နဲ့ ၂၀၂၀ အထိ အစစအရာရာ နောက်ကျကျန်နေခဲ့တဲ့ မြို့နယ်တခုအဖြစ် ရှိနေတာပါ။
ဒါကြောင့်လည်း ယနေ့ မြို့နယ်အရေး တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ ဖေစိုးလေးလူငယ်တွေဟာ
ဆိုမိုဖေစိုးလေး (ရှားတော) လူထုတွေရဲ့ ဖြတ်လေးဖြတ်မှာ ကြုံတွေ့ခဲ့တဲ့ အကြောက်တရားတွေကနေ လွတ်မြောက်လာဖို့ အစွမ်းကုန် ကြိုးစားနေကြတာပါ။
ဆိုမိုဖေစိုးလေး မြို့နယ်ထဲက ပညာတတ်လူငယ်အနည်းစုကနေ ဦးဆောင်ဦးရွက်ပြုပြီး ဆယ်ကျော်သက်လူငယ်တွေကို ပေါင်းစည်းကာ၂၀၁၄ ခုနှစ် မေလအတွင်းမှာ “ဖေစိုးလေး” လူငယ်အဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။
“ဖေစိုးလေး”လူငယ်အဖွဲ့ကို ၁၄ ဦး ပါဝင်တဲ့ ကော်မတီနဲ့ ဖွဲ့စည်းထားပြီး ဥက္ကဌ ၊ ဒု – ဥက္ကဌ ၊ ကော်မတီဝင်ဆိုပြီး ရှိပါတယ်။ ကော်မတီမှာပါဝင်သူတွေကနေ မိမိတို့ဒေသအလိုက် ကျေးရွာက လူငယ်တွေကို စုစည်းပြီး ဒေသအရေးတွေမှာ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
ကော်မတီအဖွဲ့ဝင်တွေကတော့ သက်ဆိုင်ရာ မိမိတို့ရဲ့ လုပ်ငန်းနယ်ပယ်အသီးသီးဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး ၊ စစ်ရှောင်ကူညီရေး၊ ရပ်ရွာအုပ်ချုပ်ရေးနဲ့ တခြားကဏ္ဍတွေမှာ ဦးဆောင်နေသူတွေ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ပညာရေးကဏ္ဍမှာ ပါဝင်သူတွေက အများဆုံးဖြစ်နေတာပါ။

“တက်သစ်စကလေးငယ်နဲ့ လူငယ်တွေကအစ ပညာဘက်မှာ ထိုးဖောက်နိုင်မှ မြို့နယ်အတွင်းမှာ အလုပ်လုပ်နိုင်မှ အရည်အသွေးကောင်းလာမယ်ပေါ့။ ဒါကြောင့်မို့လို့ အဓိကဦးစားပေးက ပညာရေးဘက်ပေါ့။”လို့ ဥက္ကဌ ခူးကူးရယ်က ပြောပြပါတယ်။
ဆိုမိုဖေစိုးလေးမြို့နယ်ဖွား တယောက်ဖြစ်သလို ဒေသကို ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ အဖွဲ့ထဲ ပါဝင်လာသူတဦးကတော့ အသက် ၂၀ကျော်အရွယ် ခူးငါးရယ်ပါ။ သူကတော့ “ဖေစိုးလေး”လူငယ်အဖွဲ့ရဲ့ ဗဟိုကော်မတီမှာ ၂၀၂၄ ခုနှစ်က ရွေးကောက်ခံရာကနေ လက်ရှိမှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။
တဖက်မှာလည်း သူက ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ဆိုမိုဖေစိုးလေး (ရှားတော)မြို့နယ်ရဲ့ မြို့နယ်ပညာရေးမှူး ဖြစ်ပါတယ်။ပညာရေးကဏ္ဍနဲ့ ကိုယ့်မြို့၊ ကိုယ့်ရွာကို တခြားမြို့နယ်တွေနဲ့ ရင်ဘောင်တန်းပြီး တိုးတက်ဖွံ့ဖြိုးစေချင်သူပါ။
“ကျနော်တို့ တိုးတက်အောင်လုပ်ရမယ်။ သူများနဲ့ တန်းတူညီတူဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်က ကျနော့်စိတ်ထဲမှာ အမြဲတမ်းပေါ်တယ်ပေါ့။ ဒီဟာတွေကြောင့်ပဲ လူငယ်ဘက်မှာ ကျနော့်စိတ်ဆန္ဒ အလျောက်ပါဝင်လာခဲ့တာ။”လို့ ခူးငါးရယ်က အခုလို ပြောလာပါတယ်။
ကရင်နီပြည်ရဲ့ တခြားသောမြို့နယ်တွေနဲ့ နှိုင်းဆရင် နောက်ကျနေဆဲဖြစ်တဲ့ “ဆိုမိုဖေစိုးလေး” မြို့နယ်ကို အလျင်အမြန်တိုးတက်ဖို့အတွက် ပညာတတ်လူငယ်တွေကို များများမွေးထုတ်ပေးရမယ်လို့ ဖေစိုးလေး လူငယ်တွေက ယူဆထားတာပါ။
ဒါကြောင့်လည်း ဝေးလံခေါင်ဖျားတဲ့ ကျေးရွာက ကလေးတွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် “ဖေစိုးလေး” ဘော်ဒါဆောင်ကိုလည်း ဖွင့်လှစ်ထားတာရှိပါတယ်။
ဒီဘော်ဒါဆောင်ကတော့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေလို့ တင်စားကြလေ့ရှိတဲ့ ကလေးတွေကို ပညာသင်ကြားရေးအဆက်မပြတ်သွားအောင် ကူညီလုပ်ဆောင်ပေးထားတာပါ။
ဘော်ဒါဆောင်ကို ဖွင့်လှစ်ထားတာ ခုမှမဟုတ်ပါဘူး။ ကလေးတွေရဲ့ ပညာအရည်အချင်းကို တိုးမြှင့်ဖို့ဆိုပြီး ၂၀၁၈ ခုနှစ်ကတည်းက ဖွင့်လှစ်ထားခဲ့ပါတယ်။
အရင်ကတော့ ရှားတော မြို့ပေါ် ရပ်ကွက်တနေရာမှာ ဖွင့်လှစ်ပေမဲ့ လက်ရှိမှာတော့ တောင်ပေါ်ဒေသတနေရာမှာ ဖွင့်လှစ်ထားပြီး တနှစ်ကို ကျောင်းသားဦးရေ ၂၀၀ ခေါ်ယူတယ်လို့ သိရပါတယ်။

ပညာတတ်လူငယ်တွေ များများရှိလာစေချင်တဲ့ ဖေစိုးလေး ဘော်ဒါဆောင်မှာ ကျောင်းသားဦးရေတွေကို ကန့်သတ်ထားတာမရှိပေမဲ့ ရန်ပုံငွေ လိုအပ်ချက်က စိန်ခေါ်မှုတခု ဖြစ်တယ်လို့ ခူးကူးရယ်က ပြောပါတယ်။ လက်ရှိ ဒီဘော်ဒါဆောင်ကို လည်ပတ်ဖို့အတွက် သုံးစွဲရတဲ့ ငွေကြေး(ရံပုံငွေ) ကို တတိယနိုင်ငံရောက် ကရင်နီလူထု (ကရင်နီအသိုင်းအဝိုင်း) ကနေ ကူညီပေးထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီလို ခက်ခဲနေတဲ့ကာလမှာ ရံပုံငွေတွေက ပြတ်တလှည့်ရှိတလှည့်နဲ့ပဲလို့ ဆိုပါတယ်။ ဒီလိုအခက်အခဲတွေကြားထဲမှာတော့ ကျောင်းနေအရွယ် ဆိုမိုဖေစိုးလေးမြို့နယ် ရဲ့ အနာဂတ် ကလေးတွေအတွက် အဆင်ပြေအောင် ဆောင်ရွက်ခဲ့ရတဲ့ အခိုက်အတန့်လည်း ရှိပါတယ်။
ဆိုမိုဖေစိုးလေးမြို့နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်သင်ယူခွင့်မရတော့တဲ့ ကျောင်းနေအရွယ်လူငယ်တွေဟာ လက်ရှိ ရှိနေတဲ့ကျောင်းနေအရွယ် လူငယ်လူဦးရေရဲ့ ထက်ဝက်(၅၀ရာခိုင်နှုန်း) ခန့် ရှိတယ်လို့ သိရပါတယ်။
ကျောင်းနေအရွယ်ကလေးတွေ ကျောင်းထွက်နှုန်းပိုများလာမယ်ဆိုရင် နောင်တချိန်မှာ ဒေသအရေးဆောင်ရွက်မယ့် ခေါင်းဆောင်တွေ၊ လူ့အရင်းအမြစ်တွေ နည်းလာနိုင်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကျောင်းပညာရေးအပြင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းကျောင်းတွေကို ဖွင့်လှစ်နိုင်ဖို့ အစီအမံတွေ ထားရှိသင့်တယ်လိုလို့ ခူးငါးရယ်က အခုလို ပြောဆိုထားပါတယ်။
“ဒီကလေးတွေက ကျနော်တို့ရဲ့ အနာဂတ်ခေါင်းဆောင်တွေပဲဖြစ်တယ်။ အကယ်၍သူတို့က ကျောင်းထွက်နှုန်းများလာမယ်ဆိုရင်တော့ သူတို့ရဲ့ Skills (ကျွမ်းကျင်မှု စွမ်းရည်) တွေ၊ တွေးခေါ်ပိုင်းဆိုင်ရာတွေကို တွေးခေါ်တဲ့အချိန်မှာ အောက်ကျနောက်ကျတွေ ဖြစ်မယ်ပေါ့နော် တိုးတက်မှုတွေမရှိဘူး။”လို့ ခူးငါးရယ်က ဆိုပါတယ်။
ဒါတွေတင်မကသေးပါဘူး။ ပညာရေးမှာလည်း မိခင်ဘာသာစကား အခြေပြုသင်ကြားရေးစနစ်တွေနဲ့
ကိုယ်ပိုင်သင်ကြားရေးပုံစံကို သွားနိုင်ဖို့ကိုလည်း မျှော်လင့်နေပါတယ်။
“ ကိုယ့်ရဲ့မိခင်ဘာသာစကားအဖြစ် ပြန်ပြီသင်နိုင်တဲ့ ပညာရေးစနစ်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံမျိုးပေါ့။ ကျနော်တို့ဒေသမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့အညီ ကျနော်တို့အုပ်ချုပ်သွားနိုင်တဲ့စနစ်တွေ အဲ့လိုပုံစံမျိုး ကျနော်တို့ လိုချင်တယ် မြင်ချင်တယ်။”လို့ “ဖေစိုးလေး” လူငယ်အဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်သလို မြို့နယ်ပညာရေးမှူးဖြစ်တဲ့ ခူးငါးရယ်က ပြောဆိုပါတယ်။

ပညာရေးကဏ္ဍမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ “ဖေစိုးလေး”လူငယ်အဖွဲ့ကတော့စစ်ရှောင်အရေး ဆောင်ရွက်တာ၊ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေမှာလည်း အားတက်သရော ပါဝင်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် လူငယ်တွေ စိတ်ဝင်စားတဲ့ အားကစားပွဲတွေလုပ်ပြီး လူငယ်တွေအကြား စည်းလုံးမှုတွေရရှိအောင် ၊ ပူးပေါင်းပါဝင်မှုရအောင် လုပ်ဆောင်နေကြပါတယ်။
“အားကစားပိုင်းမှာ ပိုပြီးတော့ ပံ့ပိုးပေးစေချင်တယ်။ အားကစားပိုင်းမှာ ဦးစီးဦးဆောင်မှု နည်းတဲ့အတွက်ကြောင့် လူငယ်တွေ ပိုပြီးစည်းလုံးအောင် လုပ်ခိုင်းစေချင်တယ်။ အားကစား ဆိုတာကလည်း စည်းလုံးမှုထဲမှာ ပါဝင်တဲ့အတွက်ပေါ့။” လို့ ခူးကူးရယ်က ပြောပါတယ်။
ခေတ်အဆက်ဆက်က ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်ဟာ ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေမှာ အားနည်းသလို စစ်ရဲ့အကျိုးဆက်ကိုလည်း ခံစားရတာကြောင့် ဖေစိုးလေးဒေသက ကလေးတွေ၊ လူငယ်တွေရဲ့ အနာဂတ်မှာ အကြောက်တရား ကင်းဝေးစေဖို့အတွက် ဖေစိုးလေးလူငယ်တွေ ဝိုင်းဝန်းကြိုးစားနေကြတာပါ။
” ကျနော်တို့လူငယ်တွေက မရှိမဖြစ်၊ ပြောရမယ်ဆိုရင် ဒီမြို့နယ်မှာသာ လူငယ်တွေမရှိခဲ့ဘူးဆိုရင် ဒီလောက်အထိ မလည်ပတ်နိုင်ဘူးလို့ပြောလို့ရတယ်။ ကျနော်တို့မြို့နယ်မှာက လူငယ်တွေက အရေးကြီးဆုံးဖြစ်တယ်။ အုပ်ချုပ်ရေး စစချင်း လူငယ်တွေက တထောက်တနေရာကနေပြီးတော့ ကူညီတာမရှိခဲ့ဘူးဆိုရင် မြို့နယ်က အဲ့လောက်ထိလုပ်နိုင်မယ်မထင်ဘူးပေါ့နော်။” လို့ ဖေစိုးလေး လူငယ် ဥက္ကဌ ခူးကူးရယ်က ပြောပါတယ်။
ခုလိုတော်လှန်ရေးကာလ၊ ပဋိပက္ခကာလ မှာ ဆိုမိုဖေးစိုးလေး(ရှားတော) မြို့နယ် တိုးတက်ရေး၊ လူထုတွေကို အကူအညီပေးနိုင်ရေးတွေ ၊ တော်လှန်ရေး အောင်မြင်ရေးအတွက် “ဖေစိုးလေး” လူငယ်အဖွဲ့ရဲ့ တည်ရှိမှုဟာ “ အင်မတန် အရေးကြီးတဲ့ ကဏ္ဍ” သို့မဟုတ် “မရှိမဖြစ် ဆိုတဲ့ အခန်းကဏ္ဍ “ မှာ ပါဝင်နေပါတယ်။
