ကေးဒူ/ကန္တာရဝတီတိုင်း(မ်)
“မိဘတွေက အလုပ်ကြမ်းတွေ လုပ်ရတော့ အရမ်းပင်ပန်းကြမှာပဲ။ ဒါတောင် ကျနော် တို့ကို ကျောင်းရအောင် ထားပေးနိုင်တဲ့အတွက် ကျနော် စာကြိုးစားရမယ်။ ကျနော် ကျောင်းဆရာ ဖြစ်အောင်လုပ်ရမယ်”
ဒါကတော့ အသက် ဆယ့်နှစ်နှစ်အရွယ်သာ ရှိသေးတဲ့ ခူးဌေးရယ်ဆီက ကြားရတဲ့ စကားပါ။
ခူးဌေးရယ်နဲ့ မိဘ နှစ်ဦးဟာ မနက်တိုင်း မိုးမလင်းခင်ကတည်းက အိပ်ယာထပြီး တောင်ယာအလုပ်ကို သွားဖို့ပြင်ဆင်နေကြရသူတွေပါ။
တနေကုန် တနေခမ်း ပေါက်ပြားတွေကိုင်ပြီး တောင်ယာခင်းကို သီးနှံစိုက်ဖို့ အတွက် တူးဆွပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတဲ့ မိဘ နှစ်ဦးကြောင့် ခူးဌေးရယ်တယောက် အခုလို ရည်မှန်းချက်ကို ချမှတ်ထားလိုက်တာပါ။
သူ့ရဲ့ ကျောင်းဆရာ ဖြစ်ချင်တဲ့ အိမ်မက်က ဆယ့်နှစ်နှစ်အရွယ်ရောက်မှသာ ချမှတ်ခဲ့တာ မဟုတ်ပါဘူး။ ကျောင်းကို စတင်ခြေလှမ်းစခဲ့တဲ့ သူငယ်တန်း အတန်းမှာကတည်းက ကျောင်းဆရာတဦး ဖြစ်လာဖို့ ရည်ရွယ်ခဲ့တာလို့ ခူးဌေးရယ်က ပြောပါတယ်။
ပုံမှန်ကလေး တယောက်အတွက် သူငယ်တန်း အရွယ်မှာ ရည်မှန်းချက်ထားဖို့ ဆိုတာ မိဘတွေက တွန်းအားပေးမှသာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ခူဌေးရယ်ကတော့ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရည်မှန်းချက်တခုကို ချမှတ်ပြီး ပညာရေး လမ်းစဉ်ကို စတင်ခြေလှမ်း လှမ်းခဲ့တာဟာ အခုဆိုရင် သုံးတန်းအရွယ်ကို ရောက်ရှိနေပါပြီ။
မိဘနှစ်ဦးက နေပူမရှောင်၊ မိုးရွာမရှောင် တောင်ယာအလုပ် လုပ်ကိုင်နေတာကိုကြည့်ပြီး ခူးဌေးရယ်ဟာ တချိန်မှာ ပညာတတ်ကြီးတယောက်ဖြစ်လာရမယ်ဆိုတာကို ကောင်းကောင်းနားလည်နေပါတယ်။
ပညာတတ်ဖြစ်ချင်တဲ့ သူ့ရဲ့ စိတ်ဆန္ဒကိုလည်း မိဘတွေက အားပေးထောက်ခံပါတယ်။
မိဘတွေဆီက အားပေးစကားကြားရတဲ့ အချိန်မှာတော့ သူဟာ သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ဖို့ အတွက် အကောင်းဆုံး ခွန်အားတခု ဖြစ်စေမှာပါ။
“အဖေနဲ့ အမေကတော့ အလုပ်ကြမ်းမလုပ်နိုင်ရင် ကျောင်းတက်ပြီးတော့ စာကြိုးစားရမယ်၊ ဒါဆို ကျောင်းဆရာ ဖြစ်လာနိုင်တယ် လို့ပြောတယ်” လို့ ခူးဌေးရယ်က ပြောပါတယ်။
မိုးမလင်းခင်ကတည်းက အလုပ်သွားဖို့ ထမင်းဟင်း ထချက်နေတဲ့ မိဘနှစ်ပါးကို ခူးဌေးရယ်လည်း နိုင်သလောက်လေး ကူညီတတ်ပါတယ်။ ဒါပေမဲ့ သူတို့နေထိုင်ရာ အိမ်ကလေးမှာ ရေတွင်း မရှိတာကြောင့် ရွာထဲက အများသုံးရေလှောင်ကန်ထိ မနက်တိုင်း ရေကို သွားရောက်ခပ်ယူရပါတယ်။
ကျောင်းမသွားခင် အချိန်လေးမှာ မိဘတွေကို ထမင်းဟင်းချက်၊ ရေခပ် တဲ့အလုပ်ကို ကူနေသလို စာကို အချိန်မှန် ဖတ်တဲ့အကြောင်းကို သူက အခုလိုပဲ ပြောပြလာပါတယ်။

“မနက်ဆိုရင် လေးနာရီလောက်ထပြီးတော့ ထမင်းထချက်တယ်။ မိုးလေး နည်းနည်းလေး လင်းလာပြီဆိုရင် ရေသွားခပ်တယ်။ ကျောင်းကနေ ညနေအိမ်ပြန်ရောက် လာပြီဆိုရင်လည်း ရေသွားခပ်တယ်။ အိမ်ကို တံမြက်စည်းလှဲ သန့်ရှင်းရေးလုပ်တယ်။ ပြီးရင်အနည်းဆုံး ဆယ်မိနစ်လောက် စာဖတ်တယ်။ ညရောက်ရင်တော့ မိနစ် နှစ်ဆယ်လောက်စာဖတ်ပြီးမှ အိပ်တယ်” လို့ သုံးတန်း ကျောင်းသားလေး ခူးဌေးရယ်က ပြောပါတယ်။
ခူးဌေးရယ်ဟာ ကရင်နီပြည် ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်မှာ တည်ရှိတဲ့ ဒေါအီဆာ ဆိုတဲ့ ကျေးရွာလေးမှာ နေထိုင်တာပါ။ သူတို့ကျေးရွာ အိမ်ခြေ လေးဆယ်ဝန်းကျင်လောက်သာ ရှိပါတယ်။
မွေးချင်းမောင်နှမ သုံးယောက်အနက် ခူးဌေးရယ်ဟာ သားလတ် ဖြစ်ပါတယ်။ ကျောင်းအားတဲ့ ရက်တွေမှာတော့ ညီအငယ်လေး ကို မိဘတွေအစား ကူထိန်းပေးရပါသေးတယ်။
ညီငယ်နဲ့ ဆော့ကစားရင်း ရတဲ့အချိန်လေးမှာတော့ စာကို ဖတ်ဖြစ်တယ်လို့ ဆိုပါတယ်။ တခါတလေမှာတော့ မိဘတွေကို တောင်ယာထဲထိ လိုက်ကူတယ်လို့ ဆိုပါတယ်။
အိမ်ခြေ လေးဆယ်ဝန်းကျင်သာ ရှိပြီး ပညာရေးနဲ့ အလှမ်းဝေးကြတဲ့ သူတို့ကျေးရွာလေးမှာ အတန်း ပညာကို လေးတန်းအထိပဲ ဖွင့်လှစ်ထားနိုင်ပါတယ်။ နောက်ထပ် ကျန်တဲ့ အတန်းတွေကို ဆက်လက် သင်ယူချင်တယ်ဆိုရင်တော့ အလယ်တန်းကျောင်း ၊ အထက်တန်းကျောင်း ဖွင့်လှစ်ထားနိုင်တဲ့ နေရာတွေကို သွားရောက် ပညာသင်ကြားကြရပါတယ်။
အဲ့ဒီလို သွားရောက် ပညာသင်ယူနေကြရတဲ့ အချိန်တွေမှာ အခက်အခဲတွေ အများကြီး ရှိနေတာကြောင့် သူ့ ရွာက ကလေးတွေ အများစုမှာတော့ ပညာကို ဆက်လက် မသင်ယူကြဘဲ မိဘတွေ လုပ်ကိုင်နေကျ တောင်ယာအလုပ်ကိုပဲ လက်ဆင့်ကမ်းပြီး လုပ်ကိုင်နေကြတာ များတယ်လို့ သူက သူ့ပတ်ဝန်းကျင်မှာ မြင်တွေ့ နေရတာတွေကို ပြောပြပါတယ်။
ပညာကို ဆုံးခန်းတိုင်မသင်ယူနိုင်ဘဲ အလုပ်ကြမ်းတွေကိုလုပ်ကိုင်နေကြရတဲ့ သူ့ ရွာထဲက သူတွေကို မြင်တွေ့ဖန်များလာတဲ့အခါ “ပညာမတတ်တဲ့ ရွာသူ ရွာသားတွေကို ပညာတတ်အောင် သင်ပေးချင်တယ်” လို့ ခူးဌေးရယ်က ပြောပါတယ်။
သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်အထိ အရောက်သွားနိုင်တဲ့ တနေ့ကျရင်တော့ သူ့ရဲ့ မိဘတွေ လို ပညာမသင်ကြားခဲ့ရတဲ့သူတွေ၊ ပညာရေးလမ်းပျောက်နေကြတဲ့ လူငယ်တွေ ကို ပညာတွေ ပြန်လည်မျှဝေပေးနိုင်ဖို့က သူ့ရဲ့ အဓိက စိတ်ဆန္ဒ ဖြစ်ပါတယ်။
ကရင်နီပြည် ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြီးအပိုင် ထိန်းချုပ်ထားနိုင်ခဲ့တာဟာ အခုဆိုရင် တနှစ်ကျော် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီကြားကာလ အချိန်မှာတော့ စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားတာတွေ ရှိနေပေမယ့် အထက်တန်း တကျောင်းသာ ဖွင့်လှစ်နိုင်သေးတာ ဖြစ်ပါတယ်။
ကျောင်းနေအရွယ် ကလေး၊ လူငယ်အများစုကတော့ ကျောင်းထွက်နှုန်းတွေ များကြတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်၊ မြို့နယ် ပညာရေးမှူး ဆရာငါးရယ်က အခုလို ပြောပါတယ်။

“လေးတန်းပြီးသွားတဲ့ လူတိုင်းက ငါးတန်းသွားတက်ဖို့ အရမ်းဝေးတယ်။ အဲအချိန်မှာ သူတို့ရဲ့ မိဘတွေကလည်း ကျောင်းဆက်မထားပေးနိုင်ဘူး။ မပံ့ပိုးပေးနိုင်တော့ အဲဒီကြားကာလတွေမှာ ထွက်တာ ရှိတယ်။ ပြီးတော့ အထက်တန်းရောက်တဲ့ အချိန်မှာဆို စိတ်လေကြတယ်။ ရဲဘော် လုပ်ချင်ကြတာတွေလည်း ရှိတယ်။ ဒီတော်လှန်ရေးမှာ ပါဝင်ချင်ကြတယ်။ အဲ့လိုတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ထိုင်းဘက်ကို အလုပ်သွားလုပ်ကြတာတွေ ရှိတော့ လေးတန်း အောင်ပြီး အလယ်တန်း၊ အထက်တန်းအရွယ်တွေမှာ ကျောင်းထွက်သွားတာတွေ များတယ်” လို့ မြို့နယ်ပညာရေးမှူး ဆရာငါးရယ်က ပြောပါတယ်။
အသက် ဆယ့်နှစ်နှစ်အရွယ် (သုံးတန်း) သာ ရှိနေသေးတဲ့ ခူးဌေးရယ် တယောက်မှာတော့ ယခု အချိန်ထိ သူ့ရဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေဆဲပဲ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေ အပြီးတိုင် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တဲ့ ဆိုမိုဖေစိုးလေး (ရှားတော)မှာ လူငယ် ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးက လေလွင့်နေကြတယ်လို့ လူငယ်တာဝန်ရှိသူတဦးဆီကနေ သိရပါတယ်။
ခူးဌေးရယ် တယောက်မှာတော့ ဒီလူငယ်တွေနဲ့မတူဘဲ သူ့ရဲ့ ပညာရေးခရီးကို ဒီအခက်အခဲ စိန်ခေါ်မှုကြားက ကျော်လွန်လျှောက်လှမ်းနိုင်မလား ဆိုတာတော့ …….။