spot_imgspot_imgspot_imgspot_img
Wednesday, January 22, 2025
spot_imgspot_imgspot_imgspot_img

မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ ကိုကွေကျေးရွာက နေအိမ်တွေကို ပြောင်းရွေ့ဖို့ အကူအညီလိုအပ်နေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကိုကွေကျေးရွာမှာ ပြီးခဲ့တဲ့ စင်တင်ဘာလက မိုးသည်ထန်စွာရွာသွန်းမှုနဲ့ သဘာဝဘေးဒဏ်ကြောင့် မြေကြီးကွဲအက်ပြီး နေအိမ်ပြိုကျမှုဖြစ်ခဲ့တာကြောင့် ပြောင်းရွေ့နေထိုင်ဖို့လိုအပ်ပေမယ့် ၃လကျော်ကြာတဲ့အထိ အခက်အခဲရှိနေကြတယ်လို့ သိရပါတယ်။

“အိမ်ဆောက်ဖို့ ကိစ္စတော့ နည်းနည်းကြာအုံးမယ်ထင်တယ် ပစ္စည်းမရှိ ဘာမရှိဆိုတော့ ကြာအုံးမယ်လို့ စဥ်းစားတယ်။ ရွာခံတွေက အိမ်တွေဘာတွေ ဖြုတ်ပြီး သူဆောက်ရင်တော့ ရတော့ ရမှာပေါ့၊ ကျနော်တို့က စစ်ရှောင်အနေနဲ့ ခါကျတော့ ဘာမရှိဘူးကော။ တဲလည်းမရှိ သွပ်မိုးလည်းမရှိခါကျတော့ ပိုခက်တယ်။ ပိုက်ဆံရှိမှပဲ ဝါးတို့ တခြားလိုအပ်တဲ့ဟာ ဝယ်ရမှာပေါ့။ သစ်လည်းကောင်းကောင်းမရှိဘူး ဒီဖက်မှာက။ ဒေသခံတွေလည်း အခက်အခဲဖြစ်တယ် ကျနော်တို့က ပိုခက်ခဲတာပေါ့။ ရွာဘေးမှာ တော်တော်ပျက်စီးသွားတယ်။ ရွာပေါ်မှာက မြေအကုန်လုံးကွဲအက်ကုန်တယ် သူပြိုလို့ရှိရင် တရွာလုံးပြိုမှာပဲ။ အခုက ဘေးနားမှာ နေလို့ရသေးတယ် မိုးထပ်ရွာရင်တော့ ပြိုမှာ။ မြေက အကုန်လုံးကွဲကုန်တာလေ။ အကုန်လုံးရွေ့မှပဲရမယ်။ “လို့ အဆိုပါ ကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ ကိုပီတာ က ပြောပါတယ်။

မိုးသည်ထန်စွာ ထပ်မံရွာသွန်းပါက မြေကြီးကွဲအက်ပြီး ထပ်မံမြေပြိုမှုဖြစ်ပွားနိုင်တာကြောင့် လာမယ့် ပွင့်လင်းရာသီမှာ ရွေ့ပြောင်းဖို့ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ ဒီလို နေအိမ် ရွေ့ပြောင်းဆောက်လုပ်ဖို့ ဝါး ၊ သွပ် ၊ အကာအရံ လိုအပ်နေတာဖြစ်ပါတယ်။ ကျေးရွာမှာ လာရောက်ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေကတော့ ရွာအစွန်အဖျားမှာ စုပေါင်းနေထိုင်ကြတယ်လို့ ဆိုပါတယ်။

ကျေးရွာခံတွေဟာ တောင်ယာလုပ်ငန်းတခုကိုသာ လုပ်ကိုင်ကြတာဖြစ်ပြီး တခြားဝင်ငွေရ အလုပ်မရှိတာကြောင့် နေအိမ်ဆောက်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းဝယ်ယူနိုင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးလို့ ပြောပါတယ်။ နေအိမ်အပြင် စာသင်ကျောင်းဆောင်လည်း ဆောက်လုပ်ဖို့ လိုအပ်နေပြီး လက်ရှိမှာ ကလေးတွေဟာ မြေကြီးပေါ်မှာ စာသင်ကြားနေရသလို တခြား သင်ကြားရေးပစ္စည်းတွေလည်း လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။

အဆိုပါ ကိုကွေကျေးရွာဟာ ဖရူဆိုမြို့နယ်အနောက်ခြမ်းက ရွာအစွန်အဖျားမှာရှိပြီး သွားလာရေးအဆင်မပြေသလို စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ မြေပြိုမှု ၊ မြေကြီးကွဲအက်မှုကြောင့် ကျေးရွာချင်းဆက် သွားလာတဲ့လမ်းမကြီးလည်း ပျက်စီးခဲ့ပြီး လက်ရှိမှာ ဆိုင်ကယ်သွားလာနိုင်ဖို့ကိုသာ ပြုပြင်နိုင်သေးတယ်လို့ ဆိုပါတယ်။

“နေလို့လည်းမရတော့ဘူးလေ တချို့လည်း အိမ်အောက်မှာမြေကွဲ အပေါ်ဖက်မှာ မြေပြိုခါကျတော့ နေလို့မရတော့ဘူး ဒီဖက်ကို ပြန်ရွေ့လာတာပေါ့။ လမ်းပိတ်သွားတာက ရွာအကြားမှာပေါ့ ရွာက အပေါ်နဲ့အောက်ရှိတယ်။ မြေပြိုတော့ လမ်းပိတ်သွားတယ် ဆိုင်ကယ်လမ်းနဲ့ပဲသွားရတယ်။ ဆိုင်ကယ်နဲ့သွားရင်လည်း သိပ်အဆင်မပြေဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ကိုကွေကျေးရွာမှာတော့ ကျေးရွာခံ ၃၆ အိမ် ၊ အိမ်ဘေးရှောင်အိမ်ခြေ ၁၉အိမ်ရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိပါတယ်။

spot_img
spot_img
spot_img

Recent posts