spot_imgspot_imgspot_imgspot_img
Monday, July 22, 2024
spot_imgspot_imgspot_imgspot_img

“မှုန်ဝါးနေတဲ့ ပညာရေးလမ်းကြောင်းကို အားမလျော့ဘဲ ထိုးဖောက်နေတဲ့ ကရင်နီ လူငယ်များ”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အညွှန့်တလူလူ တက်ရမယ့်အစား ဘဝရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ ရိုက်ချိုးခံရတဲ့ လူငယ်တယောက်အတွက် နောက်တဖန် ပြန်လည်ရှင်သန်နိုင်ဖို့ဆိုတာ တော်ရုံကြိုးစားမှုနဲ့ မရနိုင်ပါဘူး။

ဒါပေမယ့် ဖြစ်ချင်တဲ့ ဆန္ဒပြင်းပြလွန်းတာကြောင့် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တခုနဲ့၊ အသက် ၂၁ နှစ်အရွယ် မော်သိုးမြာကတော့ အခက်အခဲများစွာကြားက သူမရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေရသူပါ။

အာဏာမသိမ်းခင်အထိ မော်သိုးမြာဟာ သူမဝါသနာပါတဲ့ ကျောင်းဆရာမအလုပ်ကိုလုပ်နိုင်ဖို့ လွိုင်ကော်မြို့ပေါ် က ပညာရေးကောလိပ်မှာ ပညာသင်ယူနေသူပါ။

ဝါဿနာနဲ့ ထပ်တူကျတဲ့ ကျောင်းကို တက်ခွင့်ရတဲ့ သူမဟာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ သူမ အစစ အရာရာကို ဆုံးရှုံးခဲ့ရပါတော့တယ်။

မော်သိုးမြာတို့မိသားစုဟာ ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆို အနောက်ဖက်ခြမ်းက ကျေးရွာတရွာမှာ နေထိုင်တာပါ။ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် သူမတို့ မိသားစုဟာ ၂၀၂၁ ခုနှစ် မေလကုန်ကစလို့ စစ်ရှောင်ဘဝနဲ့ ဝေးလံခေါင်းဖျားတဲ့ တောတောင်ထဲ စစ်ရှောင်ခဲ့ရပါတယ်။

ပညာကိုဆက်လက်သင်ယူလိုတဲ့ မော်သိုးမြာကတော့ စစ်ရှောင်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူမအတွက် မျှော်လင့်ချက် ကောက်ရိုးတမျှင် ရှိမှာပဲ ဆိုတဲ့စိတ်နဲ့ ဖုန်းလိုင်းရတဲ့နေရာကို တနာရီခန့်သွားရတဲ့နေရာကို လမ်းလျှောက်ပြီး၊ ပြည်တွင်းမှာ အခမဲ့ သင်ကြားပေးနိုင်တဲ့ကျောင်းတွေ၊ ပညာသင်ဆုပေးတဲ့ ပုဂ္ဂလိကကျောင်းတွေကို နေ့စဉ်လိုလို အွန်လိုင်းမှာ ရှာဖွေခဲ့ရတာပါ။

အဲဒီလို ဆန္ဒပြင်းပြမှုကြောင့် တခြားပြည်နယ်ရဲ့ ပုဂ္ဂလိကကောလိပ်ကျောင်းတခုမှာ ပညာသင်ဆု ရခဲ့ပါတယ်။ အခုဆိုရင် အဲဒီကျောင်းမှာ ပညာဆက်လက်သင်ယူနေတာ ၄ လ ဝန်းကျင်ရှိနေပါပြီ။

“ကျောင်းမတက်ရဘူး၊ ကိုဗစ်လည်းဖြစ်၊ စစ်တပ်ကလည်း အာဏာသိမ်း ဆိုတော့ တဖြည်းဖြည်းနဲ့ အသက်ကကြီးလာပြီး ကိုယ်က အသက်ကြီးလာတာပဲရှိတယ်၊ ဘာမှလည်း မတိုးတက်လာဘူး လို့ ခံစားရတယ်တော်တော်လေး ဝမ်းနည်းခဲ့တယ်။” လို့ မော်သိုးမြာက သူမတောထဲစစ်ရှောင်ခဲ့တဲ့ အခိုက်အတန့်ကို ပြောပြလာပါတယ်။

လက်ရှိ မော်သိုးမြာဟာ ပညာသင်ကြားခွင့်ရနေပေမဲ့ မိသားစုနဲ့ ဝေးနေရတဲ့အပြင် စားစရိတ်၊ အဆောင်စရိတ် စတဲ့ ငွေကြေးအတွက် ကိုယ်တိုင်စီမံရတာက သူမအတွက် စိန်ခေါ်မှုအသစ်တခုပါ။

“အိပ်မက်နဲ့ ပတ်သက်ပြီး ပြောင်းလဲသွားတာတော့ရှိတယ်ပေါ့နော်။ ကျောင်းကတော့ အတူတူပဲ ဖြစ်ချင်တာကို သွားခွင့်ရတယ် ဆိုပေမယ့်လည်း ကုန်ဈေးနှုန်းတဖက်နဲ့ဆိုတော့ ကျောင်းကို ဖြောင့်ဖြောင့်နဲ့ မတက်နိုင်ဘူး စိတ်ပူစရာတွေ စိုးရိမ်စရာတွေလည်း အများကြီးရှိတယ်။” လို့ မော်သိုးမြာက ပြောပါတယ်။

မော်သိုးမြာရဲ့ မိဘတွေပိုင်ဆိုင်တဲ့ အိမ်အပါအဝင် တခြားသောပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ငွေကြေးနဲ့ပတ်သက်ပြီး မိဘဆီလှမ်းတောင်းဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့အတွက် သူမရရှိတဲ့ ပညာသင်ဆုငွေနဲ့ တလတလ အသုံးစရိတ်လောက်အောင် ခွဲခြမ်းစိတ်ဖြာစိစစ်ပြီး သုံးစွဲနေရပါတယ်။

ကိုဗစ်ကြောင့်နှစ်နှစ်၀န်းကျင် ကျောင်းမတက်ခဲ့ရတဲ့ မြန်မာပြည်က ကျောင်းသား လူငယ်တွေဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်မှာ ပညာမသင်ချင်တာကြောင့် သို့မဟုတ် စစ်ကောင်စီလက်အောက်မှာ ပညာမသင်ကြနဲ့ ဆိုတဲ့ ဖိအားတွေကြောင့် ပညာတပိုင်းတစနဲ့ ရပ်တန့်ခဲ့ရသူတွေအများကြီးရှိခဲ့ကြပါတယ်။

ကမ္ဘာ့ဘဏ်က ယခုနှစ် ဇူလိုင်လက ထုတ်ပြန်တဲ့ အစီရင်ခံစာအရဆိုရင် အာဏာသိမ်းပြီးနောက်
မြန်မာနိုင်ငံအနှံ့ အထက်တန်း အရွယ် ကျောင်းတက်နိုင်သူ ၂၂ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုထားပါတယ်။

တနိုင်ငံလုံးက ကျောင်းတွေမှာ ကျောင်းတက်နှုန်းက ၂၀၁၇ နဲ့ ၂၀၂၃ ခုနှစ် အကြား ၁၂ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ ကရင်နီ ပြည်က ကျောင်းသူ၊ ကျောင်းသား ၉၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီကဖွင့်လှစ်ခဲ့တဲ့ ကျောင်းတွေမှာ တက်ရောက်တာမရှိဘူးလို့လည်း ကရင်နီပြည်အစိုးရရဲ့ ပညာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒီလို အခက်အခဲတွေကြားမှာ ကျောင်းမတက်ရပေမဲ့လည်း စိတ်ဓါတ်ကျမနေဘဲ မော်သိုးမြာ လို ဆက်လက်ကြိုးစားနေတဲ့ နောက်ထပ် ကရင်နီလူငယ် ကျောင်းသားလေးတဦး ရှိနေပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတခုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စတာတွေကို အသေးစိတ် နားလည်လာပြီး သူရဲ့ရည်မှန်းချက်ကို ရဲရဲကြီး ပြောင်းလဲခဲ့တယ်လို့ ဆိုသူကတော့ လွိုင်ကော်မြို့နေ ကျောင်းသားလေး အာနူး (အမည်လွှဲ) ပါ။

သူကတော့ အာဏာမသိမ်းခင်အထိ လွိုင်ကော်တက္ကသိုလ်မှာ အဝေးသင်ပထမနှစ်နဲ့ ပညာသင်ကြား နေပြီး ယခင်သူ့ရဲ့ရည်မှန်းချက်က သာမာန်အစိုးရဝန်ထမ်းဖြစ်ဖို့ပါပဲ။

“ဒီလိုမျိုး ကြီးကြီးမားမား အဖြစ်အပျက်ကြုံပြီးတဲ့ နောက်ပိုင်းမှာ အတွေ့အကြုံအများကြီး ရလိုက်တယ် ပေါ့နော်။ အမြင်တွေလည်း အများကြီးကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့်မို့လို့ ရည်မှန်းချက်ကြီးကို ပြောင်းလဲသွားတယ်။” လို့ အာနူးက ပြောပါတယ်။

ရည်မှန်းချက်ပြောင်းလဲသွားတဲ့ အာနူးဟာ လက်ရှိလွိုင်ကော်မြို့ပေါ်က ပြင်ပကျောင်းတခုမှာ ပညာသင်ကြားနေပြီး၊ လက်ရှိတက်နေတဲ့ကျောင်းက အတန်းပညာသင်ယူပြီးသွားတဲ့အခါ သူတတ်ထားတဲ့ပညာတွေနဲ့ လူထု၊ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေမှာ လုပ်ဆောင်သွားဖို့ ရှိသလို နိုင်ငံတကာအထိ တက္ကသိုလ်တွေ ဆက်တက်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဒါတွေဟာ ကောင်းတဲ့ပြောင်းလဲမှုတခုဖြစ်တယ်လို့ အာနူးက သူ့ရဲ့ ပြောင်းလဲသွားတဲ့ ရည်မှန်းချက်အပေါ် ဂုဏ်ယူစွာ ပြောပါတယ်။

လက်ရှိ ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်းတွေမှာ တက်ရောက်သူတွေနည်းပါးပြီး၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းတက်ရမဲ့ လူငယ်တွေဟာ ပြင်ပကျောင်းနဲ့ နိုင်ငံတကာကျောင်းတွေကိုပဲ ချိတ်ဆက်ကြတာများတယ်လို့ စစ်ကောင်စီပညာရေးကို လေ့လာသူတဦးက ပြောပါတယ်။

“ဒီမြို့ပေါ်က ကလေးတွေ ဆိုလို့ရှိရင် သူတို့ဟာသူတို့ အွန်လိုင်းပေါ်မှာရှာကြတာပေါ့‌၊ သူတို့က အင်တာနေရှင်နယ်ကျောင်းမှာ သူတို့သွားတက်တယ်၊ သူတို့က ပြည်ပကို ထွက်ဖို့ပဲ ကြိုးစားကြတော့တယ်၊ အဲလိုကလေးတွေတော်တော်များတယ် မြို့ပေါ်က ကလေးတွေပေါ့။” လို့ သူက ပြောပါတယ်။

တဖက်မှာလည်း ကိုဗစ်ကာလ ကစပြီး ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခတွေအပြင် ပြောင်းလဲသွားတဲ့ ပညာရေး (အတန်းတက်) စနစ်ကြောင့်လည်း လူငယ်တွေဟာ အသက်အရွယ်နဲ့ အတန်းမညီမျှတော့တာကြောင့် ကျောင်းဆက်မတက်တော့တာများတယ်လို့ ပညာရေးလေ့လာသူ တဦးက ဆက်ပြောပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းကနေ လွိုင်ကော်မြို့ပေါ်မှာ စစ်ရှောင်ရင်း အားနေမဲ့အစား အွန်လိုင်းမှာ စာလေ့လာမယ်လို့ ဆိုလာသူကတော့ မော်စိုးမြာပါ။ သူမကတော့ NUG က ဖွင့်တဲ့ကျောင်းမှာ ပြီးခဲ့တဲ့ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်ခဲ့ပါတယ်။

သို့ပေမယ့် NUG က ဖွင့်တဲ့ကောလိပ်၊ တက္ကသိုလ်တွေမှာ ဆက်လက်ပညာသက်ကြားဖို့ အဆင်မပြေဘူးဆို့ ဆိုပါတယ်။

“သူတို့က လိုင်းနဲ့ပဲဆိုတော့ ကိုယ့်အတွက် မထိရောက်ဘူးလို့ ပြောရမလား။ အဲလိုထင်လို့ မတက်ဖြစ်ဘူး” လို့ မော်စိုးမြာ ပြောပါတယ်။

သူမအနေနဲ့ GED ကို ဝင်ရောက်ဖြေဆိုချင်ပေမယ့် မိဘတွေက ပိုက်ဆံမတတ်နိုင်ဘူးလို့ ညည်းနေရှာပါတယ်။

G𝗘𝗗 ဆိုတာ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မရှိသေးသူတွေအတွက် အမေရိကန်နဲ့ ကမ္ဘာတဝန်းက နိုင်ငံတကာတက္ကသိုလ်ကြီးတွေကနေ အသိအမှတ်ပြုပြီး Grade-12 နဲ့ညီမျှတဲ့ အမေရိကန် အထက်တန်းပညာရေး တခုဖြစ်ပါတယ်။

𝗚𝗘𝗗 အောင်မြင်ပြီးပါက 𝗚𝗘𝗗 ရလဒ်ကိုလက်ခံတဲ့ နိုင်ငံခြားတက္ကသိုလ်ကြီးတွေမှာ တက်နိုင်မဲ့ အခွင့်အရေးရှိပါတယ်။

ကရင်နီပြည်က ကျောင်းသားမိဘတွေဟာ စားဝတ်နေရေးအတွက် အကြပ်အတည်းကနေ ရုန်းကန်ရတာရှိသလို တချို့ မိဘတွေဟာ အလှူရှင်ကိုသာ မှီခိုနေရတာကြောင့် မိမိကလေးတွေရဲ့ ပညာရေးကို သိပ်ဦးစားမပေးကြတော့ပါဘူး။

ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ကိုယ့်သားသမီးကို ပညာတတ်အောင် ရတဲ့နည်းနဲ့ သင်ခိုင်းမယ်လို့ ဆိုလာသူကတော့ ဒေါ်ဘိုးမယ်(အမည်လွှဲ)ပါ။ သူမကတော့ ကျောင်းနေအရွယ်သားနှစ်ယောက်ရှိပြီး သူမရဲ့ သားနှစ်ယောက်အတွက် အပြင်သင်တန်း နဲ့ အွန်လိုင်းမှာ ပညာသင်ခိုင်းတယ်လို့ ဆိုပါတယ်။

“ဟိုနေရာဒီနေရာ အဲလိုတွေပဲ တက်ခိုင်းရတာပေါ့။ အကြီးတယောက်လည်း အဲလိုပဲ အနည်းဆုံး အင်္ဂလိပ်စာနဲ့ သင်္ချာကတော့ သူတို့တက်ရမယ်လေ ဆိုတော့ သူတို့ကို တက်ခိုင်းတယ် အခက်အခဲကတော့ ရှိတာပေါ့ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့ပညာရေးအတွက်ဆိုတော့လေ အကြီးတယောက်ဆို အွန်လိုင်းမှာရော သင်ခိုင်းတယ်။ ဒီလိုပြေးလွှားနေရတော့ ဝင်ငွေတော့လည်း မရှိတော့ဘူး ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ သားသမီးတွေ အတွက်ပဲဆိုတော့ ရှိတဲ့ဟာတွေလည်း ထုခွဲရောင်းချပေါ့” လို့ ဒေါ်ဘိုးမယ် ကပြောပါတယ်။

ဒေါ်ဘိုးမယ်ရဲ့ ၁၇ နှစ်အရွယ်သားကြီးဖြစ်သူဟာ လက်ရှိမှာ GED (အမေရိကန်အထက်တန်းပညာရေး) ကို အောင်မြင်ပြီးသွားပြီဖြစ်တာကြောင့် စိတ်အေးရတယ်ဆိုပေမယ့် အသက် ၁၄ နှစ်အရွယ် သားငယ်အတွက် ဟိုမရောက်ဒီမရောက်ဖြစ်သွားမှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

သူမနဲ့ ဘဝတူ စစ်ရှောင်မိဘတွေကိုလည်း ရောက်တဲ့နေရာမှာ စာ တလုံးတတ်သွားသည်ဖြစ်စေ၊ အသိပညာသေးသေးလေးတခု အသစ်ရသွားသည်ဖြစ်စေ မိမိတို့ရဲ့ သားသမီးပညာရေးကို ဦးစားပေးစေချင်တယ်လို့ ဒေါ်ဘိုးမယ် က တိုက်တွန်းထားပါတယ်။

မိဘတွေရဲ့ ပံ့ပိုးမှုမရတော့တဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကရင်နီပြည်က လူငယ်တွေဟာ ကျောင်းပြင်ပကို ရောက်ရှိနေကြတာများပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာပါ။

ပညာသင်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုင်း – ကရင်နီနယ်စပ်ကို ရောက်လာတဲ့ အသက် ၁၈ နှစ်အရွယ် မော်လုလူကတော့ သူမရဲ့ ရည်မှန်းချက်ဟာ စစ်ကောင်စီ လေယာဉ်ဗုံးကျဲခဲ့တဲ့ ယမ်းငွေ့ နဲ့အတူ ပျောက်ရှသွားခဲ့ရပါတယ်။

သူမ တက်ခဲ့တဲ့ ထိုင်း- ကရင်နီနယ်စပ်က ဆယ်သဲကောလိပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ နေ့ ညသန်းခေါင်အချိန် စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကျဲခဲ့ပြီး လက်ရှိအချိန်မှာတော့ အဆိုပါကောလိပ်ကို ပိတ်ထားရပါတယ်။

ကျောင်းဆက်တက်ခွင့်မရှိသေးတဲ့ မော်လုလူဟာ လက်ရှိထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်ရှာရင်း အလုပ်ရရင် ပိုက်ဆံစုပြီး နောက်နှစ်မှာ ကျောင်းပြန်တက်မယ်လို့ ပြောပါတယ်။

“ နောက်နှစ်ဆိုရင် ဆယ်သဲကျောင်းက အဆင်မပြေသေးဘူးဆိုရင်တော့ ညီမက တခြားကျောင်းကို ပြန်လျှောက်ချင်တယ်။ အဲလိုမျိုးကောင်းကောင်းသင်လို့ရတဲ့ ကျောင်းတွေမှာ အဲလိုမျိုး လုံခြုံတဲ့ကျောင်းတွေမှာ ကျောင်းပြန်တက်ချင်တယ်။“ လို့ မော်လုလူက သူမရဲ့ ပြင်းပြတဲ့ ကျောင်းတက်ချင်တဲ့ဆန္ဒကို ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက် ကျောင်းနေအရွယ်လူငယ်တွေဟာ သူတို့ရဲ့အိပ်မက်တွေ ရည်မှန်းချက်တွေ နှစ်နာဆုံးရှုံးမှုတွေများစွာထဲက မှုန်ဝါးသွားတဲ့ ပညာရေးအတွက် ရတဲ့အခွင့်အရေးနဲ့ ဖြစ်အောင်လုပ်မယ်လို့ မော်သိုးမြာက ပြောပါတယ်။

“ ဒီကျောင်းမှ မတက်ဘူးဆိုရင်လည်း ကိုယ်ဖြစ်ချင်တာကို လုပ်နိုင်ဖို့ကလည်း နည်းသွားမယ်။ ကိုယ့်စိတ်ထဲမှာ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ချင်တဲ့စိတ်ရှိတယ် အဲဒါကြောင့်ဒီဟာနဲ့ ငါဖြစ်အောင် လုပ်မယ် ဆိုတဲ့စိတ်နဲ့ ခက်ခဲလည်းတက်နေတယ်ပေါ့နော်” လို့ မော်သိုးမြာက ပြောဆိုသွားပါတယ်။

spot_img
spot_img

Recent posts