ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရှိနေတယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေရာဖြစ်တဲ့ နမ့်ဘော်ဝမ်ရပ်ကွက်မှာ မနက် ၆ နာရီကျော်အချိန် စျေးဝယ်နေရင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးကတော့ အခုလို ပြောပြပါတယ်။
“ထိခိုက်သွားတာ ကလေးတွေထိသွားတာ။ ကလေးငယ်ငယ်လေးတွေ။ ၁၀ နှစ် ၁၁ နှစ်လောက်ရှိမယ် ထင်တယ်။ သူအရင်ဆုံးထိတာ။ အဲဒါလက်ထိတဲ့ကလေး။ လက်ပြတ်သွားတာ။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပြပါတယ်။
ထိခိုက်သေဆုံးသူတွေဟာ လက်နက်ကြီးထိမှန်မှုကြောင့် ဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူစာရင်းကို ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ ယမန်နေ့ မနက်အစောပိုင်းမှာပဲ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာဖြစ်ပါတယ်။ လူထုတွေနေထိုင်ကြတဲ့ နမ့်ဘော်ဝမ်ရပ်ကွက်မှာတော့ တိုက်ပွဲပြန်လည်ဖြစ်ပွားမှုတွေကြောင့် ဒေသခံတချို့ ပြန်လည် စစ်ဘေးတိမ်းရှောင်ကြတယ်လို့ သိရပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်သံတွေ အဆက်မပြတ်ကြားနေရပြီး အသက်အန္တရာယ်စိုးရိမ်တာကြောင့် လွိုင်ကော်မြို့ကနေ ပြန်လည်ထွက်ခွာလာသူတွေ များပြားနေတယ်လို့ သိရပါတယ်။
“ မနေ့က တိုက်ပွဲဖြစ်တော့ ပြေးတာ လမ်းမှာ အမျိုးသားတစ်ယောက်လဲကျနေတာ တွေ့ရတယ်။ သွေးတွေနဲ့ပဲ။ ဘယ်သူလဲတော့ မသိလိုက်ရဘူး။ ဒီအတိုင်းပဲ ကျနော်လည်း ထွက်ပြေးသွားတယ်။” လို့ လွိုင်ကော်မြို့မှာ မကြာသေးခင်က ပြန်လည်နေထိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းကို နောက်တစ်ကြိမ် တိမ်းရှောင်သွားသူ တစ်ဦးက ပြောပြပါတယ်။
မြို့ပေါ်တိုက်ပွဲကြောင့် လွိုင်ကော်မြို့ သိရိမင်္ဂလာစျေး ( တောင်စျေး ) မှာ ဖွင့်လှစ်ထားတဲ့ ယာယီစျေးမှာ ရောင်းချကြတဲ့ စျေးသည်တွေဟာလည်း ပစ္စည်းသိမ်းပြီး ပြန်ကြရတယ်လို့ သိရပါတယ်။ မြို့ပေါ်ရပ်ကွက်တချို့တွေမှာ ပြန်လည်ရရှိနေတဲ့ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးဖုန်းလိုင်းတွေဟာလည်း ယခုရက်ပိုင်းမှာ ပြန်လည်ပြတ်တောက်သွားပြီ ဖြစ်ပါတယ်။
ဇူလိုင်လ ၄ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မြို့တွင်းတိုက်ပွဲဟာ ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မနက်ပိုင်းမှာလည်း ထိတွေ့မှု ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။