spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

ယာဥ်မတော်တဆဖြစ်ပွားမှု ပိုမိုလျှော့ချနိုင်ဖို့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ‌ဆောင်ရွက်သွားမယ်လို့ KSP ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်တွင်းက လူဦးရေများပြားတဲ့နေရာဒေသတွေမှာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ပိုမိုဆောင်ရွက်ဖို့ လိုအပ်နေသလို မကြာခဏဖြစ်ပွားတဲ့ ယာဥ်တိုက်မှုလျှော့ချနိုင်ရေးအတွက် ထိရောက်တဲ့လုပ်ဆောင်ချက်တွေကို ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်ရဲဌာန (KSP) ရဲ့ တာဝန်ရှိသူ ကိုဘိုဘိုက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ပြည်သူတွေအနေနဲ့ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်အသေးစိတ်ကိုလည်း အသိပေးသွားမယ်လို့ ဆိုပါတယ်။

“အဓိက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းပေ့ါနော်။ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရမယ်။ လမ်းကြိုလမ်းကြားထွက်ရင် လမ်းမကြီးကို အရင်ဦးစားပေးရမယ် အဲ့လိုမျိုးတွေ မသိတဲ့အတွက် တိုက်ကြတာများတော့ ဒီဟာတွေကို သိသွားတဲ့အခါ ကိုယ်က လမ်းမကြီးမှာသွားတဲ့သူကို ပိုဦးစားပေးရမှာပါလား အဲ့လိုအသိတွေကို တပ်ရင်းတပ်ဖွဲ့တွေမှာကော ပြီးတော့ ရပ်ရွာတွေမှာကော လိုက်ပြောဖို့ လုပ်ထားပါတယ်။ အဲ့လိုမျိုးသိမှ သူတို့က ကိုယ်မှားနေတယ်ဆိုတာ သိမှ ဒီယာဥ်တိုက်မှုတွေလျှော့ချနိုင်မှာပေါ့။ နောက်ပိုင်းတော့ ကျနော်တို့ အတတ်နိုင်ဆုံး‌တော့ ပြည်သူတွေနားထဲရောက်သွားပြီး ပြည်သူတွေ တကယ်လိုက်နာ ပြီး ထိရောက်မှုရှိတဲ့အထိပေ့ါ အဲ့လိုမျိုးလုပ်သွားဖို့တော့ ကျနော်တို့ အစီစဥ်ရှိပါတယ်။ “လို့ ကိုဘိုဘိုက ဆိုပါတယ်။

ကြားကာလအတွင်း အသိပညာပေးအစီအစဥ်တွေ ဆောင်ရွက်နေပေမယ့် ယာဥ်တိုက်မှု ဖြစ်ပွားနေဆဲဖြစ်တာကြောင့် လက်ရှိမှာ ယာဥ်တိုက်မှုလျှော့ချနိုင်ရေးအတွက် KSP ကနေ ယာဥ်ထိန်းဌာနခွဲကို ဖွဲ့စည်းထားတာရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ- IEC

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေအပြင် ဒေသခံတွေ အများဆုံးရှိနေပြီး ယာဉ်မတော်တဆမှုလည်း မကြာခဏဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ မြေပြင်မှာ အသိပညာပေးလုပ်ငန်းစဥ်တွေ ဆောင်ရွက်နေပေမဲ့ ယာဥ်တိုက်မှုတွေ ဖြစ်ပွားနေဆဲဖြစ်တာကြောင့် ထိရောက်တဲ့ အသိပညာပေးလုပ်ငန်းစဥ်တွေ ပိုမိုဆောင်ရွက်သင့်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ဒီးမော့ဆိုအနောက်ခြမ်းမှာ ယာဥ်တိုက်မှုဖြစ်ကြတာလည်း ကိုယ်တိုင်လည်း မြင်တွေ့ဖူးတာပေ့ါနော်။ဆိုတော့ မတော်တဆလို့ပဲ သုံးနှုန်းကြတယ်။ အဲ့ဒီမတော်တဆဖြစ်စဥ်တွေထဲမှာလည်း အဲ့ဒီပြောတဲ့ ယာဥ်စည်းကမ်း လမ်းစည်းကမ်း နားမလည်ကြလို့ပဲလားလည်းမသိ။ သက်ဆိုင်ရာအဖွဲ့တွေလည်း အသိပညာ‌ပေးတွေလည်း လုပ်ပါတယ်လေ။ လိုက်နာဖို့လိုတဲ့ စည်းမျဥ်းစည်းကမ်းတွေတော့ တစ်ကြိမ်ပေးပြီးရင်ပြီးပြီဆိုတာထက် ထပ်ပေးလေလေ ပိုကောင်းလေလေလို့ပဲ မြင်မိတယ်ပေါ့။ “လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

အသိပညာပေးလုပ်ငန်းစဉ်တွေကို စာသင်ကျောင်း ၊ ဈေး၊ အများပြည်သူသွားလာတဲ့နေရာ၊ ကျေးရွာ နဲ့ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေမှာ လုပ်ဆောင်နေလျက်ရှိတယ်လို့ ကိုဘိုဘိုက ဆိုပါတယ်။

ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမှီတဲ့ စာရင်းအရ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ယာဉ်မတော်တဆမှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ သက်လတ်ပိုင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး သေဆုံးတဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts