ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံက ဒေသအချို့မှာ ဒီရက်သတ္တပတ်အတွင်း မိုးကြီးနိုင်ပြီး မြေပြိုတာ၊ တောင်ပြိုတာနဲ့ ကမ်းပါးပြိုတာတွေဖြစ်ပေါ် နိုင်တာကြောင့် သဘာဝဘေးအန္တာရာယ်တွေကို သတိထားဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့ ဇွန် လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ရက်သတ္တပတ်အတွင်း မိုးအခြေအနေမှာတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ကရင်နီပြည်အပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း(အောက်ပိုင်း)နဲ မကွေးတိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့ ဇွန်လ(၃)ရက်နေ့မှာတော့ ကရင်နီပြည်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်း ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်အတွင်းမှာတော့ မိုးအဆက်မပြတ် ရွာသွန်းပြီး ဧရာဝတီ မြစ်ကမ်းရိုးတစ်လျောက်မှာ မြစ်ရေကြီးမှု အန္တရာယ်ကို သတိပြုဖို့လိုအပ်ပြီး ကြိုတင်ရှောင်ရှားဖို့ကိုလည်း NUG ကတိုက်တွန်းထားပါတယ်။
လာမယ့် ဇွန်လ (၄)ရက်နေ့ကနေ ဇွန်လ(၈)ရက်နေ့အတွင်းမှာတော့ မုတ်သုံလေ အား ပြန်လည် လျော့နည်း လာနိုင်မှာဖြစ်ပေမဲ့ မြန်မာနိုင်ငံအလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး မိုးကြီးခြင်းနဲ့ အတူ မိုးကြိုးပစ်တာ၊ ရေကြီးတာ၊ ကမ်းပါးပြိုတာ၊ မြေပြိုတာ စတဲ့ သဘာဝ ဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တာကြောင့် အထူးသတိပြုနေထိုင်ကြဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။
