မော်မီမြာ / ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် က စစ်ရှောင်ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ရာသီအလိုက်ဖြစ်တဲ့ ရောဂါတွေကို ပိုမိုခံစားကြရတယ်လို့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေကပြောပါတယ်။
လက်ရှိ မိုးရာသီကာလမှာဆိုရင် စစ်ရှောင်စခန်း အများစုမှာ ဝမ်းပျက်ဝမ်းလျှော နဲ့ တုပ်ကွေးအဖြစ်များနေကြတယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေ အများစု ဟာ သွေးတိုး၊ ဆီးချို နဲ့ လေဖြန်း ရောဂါတွေ ခံစားနေကြရတာတွေရှိတယ်လို့ သိရပါတယ်။
“ ဒီကာလ မိုး ဒီလောက် ရွာနေတာရော ပြီးတော့ ရေသန့်ဖို့ ဆိုတာ ရယ်။ လူတွေ အများကြီးနဲ့ သူတို့ နေကြရတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် မျှဝေ သုံးစွဲရတဲ့ အခါမှာ ဝမ်းပျက် ဝမ်းလျှော ရောဂါက အလိုလို နွေရာသီလို သိပ်မဖြစ်တဲ့ ကာလမှာတောင် ဒီလို ဖြစ်တာကို ကြုံရ ကြားရတယ်ဆိုတော့ အခုလို မိုးရာသီမှာ ဖြစ်ဖို့ ရာခိုင်နှုန်း အရမ်း များတယ်။ အဲ့တာတော့ သေချာ သလောက် ရှိပါတယ်ခင်ဗျ “ လို့ NUGရဲ့ ကရင်နီပြည် ကျန်းမာရေး တာဝန်ခံ ဒေါက်တာရဲဇော်က ပြောပါတယ်။
ကရင်နီမှာ စစ်ရှောင် တစ်နှစ် ကျော်ကာလအတွင်း တောတောင်ထဲ စစ်ရှောင်နေကြတဲ့ ပြည်သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝ မရရှိကြတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မေလပိုင်း လောက်မှာဆိုရင် ဒီးမော့ဆို အနောက်ဖက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ စစ်ရှောင်နေတဲ့ လသားအရွယ် ကလေးငယ်တစ်ဦး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီးနောက် သေဆုံးခဲ့ရပါတယ်။
“ ဆေးကုသခွင့် ကျတော့ လုံလောက်မှု မရှိဘူး။ နောက်ပြီးတော့ကလေး ဖျားတာလည်း တစ်ညတည်းနဲ့ပဲ ဆိုတော့ ဘယ်လိုမှ ရှောင်ဖယ်လို့ မရဘူးပေါ့နော။ ဆေးရုံ၊ ဆေးခန်း ပြရင်လည်း မမှီတော့ဘူး အဲ့လိုမျိုးဖြစ်တယ် “ လို့ လသားအရွယ် တစ်ဦးတည်းသောသားကို ဆုံးရှုံးခဲ့ရတဲ့ မိခင်တစ်ဦးက ပြောပါတယ်။
စစ်ရှောင်စခန်းတွေမှာဆိုရင် ကျန်းမာရေးအတွက် ခြင်ထောင်နဲ့ အိမ်သာခွက် လိုအပ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ခြင်ဆေးခွေ လည်း အသုံးမပြုနိုင်ကြသလို ခြင်ထောင်တွေလည်း လုံလောက်မှု မရှိဘူးလို့ ဒီးမော့ဆို အနောက်ဖက်ခြမ်း စစ်ရှောင်နေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ညအချိန်က ခြင်က သူလာချင်တဲ့ချိန်လာတာဆိုတော့ စောင်နဲ့ပဲ ခေါင်းကို အုံ့ရတယ်။“ လို့ သူက ပြောပြပါတယ်။
ဖရူဆို အနောက်ဖက်ခြမ်း မှာ စစ်ရှောင်နေတဲ့ စစ်ရှောင်အမျိုးသမီး တစ်ဦးက တော့ စစ်ရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
“ သူတို့ အိမ်သာ နီးနီး ကပ်ကပ် ဆောက်တယ်။ သူတို့ အိမ်သာကလည်း မလုံမခြုံဘူး။ ယင်ကောင်လည်း တအားလာတယ်။ ယင်ကောင် ဆိုလည်း အကောင်ကြီးကြီး။ အဲ့တော့ ကျမသူတို့ကို ပြောတယ် ယင်ကောင်အကြီးကြီးတွေ လာတယ်။ ထမင်းပေါ်နားမိရင်လည်း ဝမ်းပျက်ဝမ်းလျော ဖြစ်စေနိုင်တယ်ပေါ့။ ကိုယ်ကတော့ လက်လှမ်းမှီသလောက်တော့ ကျမက ပြောတယ်။“ လို့ ဖရူဆိုအနောက်ဖက်ခြမ်း စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။
စစ်ရှောင်တွေဟာဆိုရင် တိုက်ပွဲနဲ့ဝေးတဲ့နေရာ၊ လက်နက်ကြီး မကျရောက်နိုင်မယ့်နေရာ တွေမှာ ရှောင်နေကြတာဖြစ်ပြီး တောတောင်ထဲ စစ်ရှောင်ကြရတာကြောင့် သွားလာဖို့အတွက် အခက်ခဲတွေ နဲ့ ကြုံနေကြရပါတယ်။
တောတောင်ထဲ က စစ်ရှောင်စခန်းတွေဆီကိုလည်း ကျန်းမာရေး ဝန်ထမ်းတွေ မကြာခဏ ရောက်ရှိဖို့ ခက်ခဲတာတွေ လည်း ရှိနေတာဖြစ်ပါတယ်။
“ ဆေးလမ်းကြောင်းကို စစ်ကောင်စီက ပိတ်တဲ့ အပိုင်းတွေရှိတယ်။ ငွေရှိရင်တောင် ကောင်းကောင်းဝယ်လို့ မရတဲ့ အပိုင်းတွေ ဖြစ်သွားတယ်။ အဲ့တော့ အခက်ခဲတွေက အများကြီး ဖြစ်တယ်။ ဆေးလိုအပ်ချက် သွားရေးလာရေးအတွက် ပို့ဆောင်ပေးမယ့် ယာဉ် လိုအပ်ချက် ဆီရဲ့ လိုအပ်ချက် ငွေရေးကြေးရေး ဒါတွေလည်း အများကြီးလို တယ်။“ လို့ ဆေးဝါး လိုအပ်တဲ့အပိုင်းနဲ့ ပတ်သက်ပြီး ဒေါက်တာရဲဇော်က ပြောပါတယ်။
စစ်ရှောင်စခန်း တိုင်းမှာဆိုရင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေ ထားရှိဖို့ လိုအပ်နေပေမယ့် လူအင်အား မလုံလောက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ မော်ချီး၊ ဘောလခဲ၊ မယ်စဲ့ စတဲ့ မြို့နယ်တွေက ပြည်သူတွေဟာဆိုရင် စစ်ရှောင်နေကြရပြီး ကရင်နီမှာ စစ်ရှောင် ၂သိန်းနီးပါး ရှိနေဆဲ ဖြစ်ပါတယ်။