ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက တနီးလာလဲကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၄) ရက်နေ့က ကယားရိုးရာ (လာတုံခူ) လို့ ခေါ်တဲ့ ကြက်ရိုးထိုး ပူဇော်ပွဲကို တောင်ပေါ်တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။
နတ်ပူဇော်ပွဲ ပြုလုပ်ခဲ့တဲ့နေရာဟာ အဆိုပါ ကျေးရွာ စတင်ပေါ်ပေါက်လာခဲ့တဲ့နေရာ ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း တစ်နှစ်ကို တစ်ကြိမ် ကြက်ဖြူတစ်ကောင်နဲ့ လာရောက်ပူဇော်ကြတာပါ။
အခုလို ပြုလုပ်တာဟာ ရှေးဘိုးဘွား လက်ထက်ကတည်းက အစဉ်အလာအရ လက်ဆင့်ကမ်းလာတဲ့ ရိုးရာတစ်ခုဖြစ်ပြီး မျိုးဆက်သစ်တွေကို ဆက်လက် လက်ဆင့်ကမ်းနိုင်ဖို့ကို လိုအပ်တယ်လို့ ကေ့ထျိုးဘိုး ဘျာဆယ် (ပွဲဦးဆောင်သူ) ဦးနဲရယ်က အခုလို ပြောပါတယ်။
“ဒီလိုလုပ်တာဟာ အခုမှ စလုပ်တာမဟုတ်ဘူး။ ရှေးကျနော်တို့ ဘိုးဘွားခေတ်မှာကတည်းက တစ်ဆက်ပြီး တစ်ဆက်ပြုလုပ်လာခဲ့ကြတာ အခုထိပါပဲ။ အခုကျနော်တို့ အလှည့်ကို ရောက်ပြီ ကျနော်တို့ လုပ်ရမယ်။ နောက်လာမယ့် ကျနော်တို့ မျိုးဆက်ကို လည်း သူတို့သိအောင် ကျနော်တို့ သင်ပေးရမယ်။ ၁၂ လပိုင်းရောက်တိုင်း ကျနော်တို့ ဒီလိုရိုးရာရှိတယ် ဆက်လုပ်ရမယ် ဆိုတာမျိုးပေါ့။ အခုလို ကျနော်တို့ ပြုလုပ်တာဟာ နောက်လာမယ့် နှစ်တွေမှာ အလင်းတွေပေးဖို့ ကျေးရွာတွေမှာ ကျနော်တို့ ပြန်လည်နေထိုင်နိုင်ပြီး လုပ်ကိုင် စားသောက်နိုင်ဖို့ကို ဆိုလိုတာဖြစ်တယ်။”လို့ ဦးနဲရယ်က ပြောပါတယ်။
ကြက်ရိုးထိုးပူဇော်ပွဲကို တစ်နှစ်လျှင်တစ်ကြိမ် အသီးအနှံ ရိတ်သိမ်းပြီး နတ်တော်လဆန်းမှာသာ ပုံမှန် ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ကျေးရွာအတွက် ရည်စူးပြီး ကြက်ရိုးထိုးခဲ့တဲ့ ကြက်ဖြူတစ်ကောင်ရဲ့ အဖြေကတော့ ပြီးခဲ့တဲ့ နှစ်တွေထက်ပိုပြီး ကောင်းမွန်လာမယ့် အခြေအနေကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ကျေးရွာဟာ စစ်ဘေးကြောင့် တိမ်းရှောင်နေကြရပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ဒေသခံတွေဟာ ကျေးရွာအတွင်း ပြန်လည်နေထိုင်လို့ မရသေးပါဘူး။