ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအုပ်စုအတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ ပြောင်း၊ မြေပဲ ၊ ပဲစဉ်းငုံ စတဲ့ စိုက်ခင်းတွေဟာ ဧကတစ်ထောင်နီးပါး နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။
လောပိတကျေးရွာအုပ်စုအတွင်းက ကျေးရွာ အနီးအနားကို ဖြတ်သန်းစီးဆင်းတဲ့ ဘီလူးချောင်းရေမြှင့်တက်မှုကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းဧက အများစု ရေနစ်မြှုပ်ခဲ့ရတာဖြစ်ပါတယ်။
“ရေမြုပ်သွားတဲ့ ဧရိယာကတော့ မြောက်ဘက်ကတော့ တော်တော်ကို များတယ်။ မြုပ်သွားတဲ့ ခြံတွေက တော်တော်ကို များတယ်။အကုန်နီးပါးပဲ။ လွတ်လည်း တစ်ခြံနှစ်ခြံပေါ့။ တောင်ကုန်းပေါ်က ခြံတွေ တောင်ပေါ်ခြံတွေလောက်ပဲ လွတ်တယ်”လို့ လောပိတ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြောင်း နဲ့ တခြားသီးနှံတွေကို အားထားစိုက်ပျိုးကြတဲ့ ဒေသခံတောင်သူတွေအတွက် အခုလို သီးနှံပျက်စီးဆုံးရှုံးသွားတာကြောင့် ရေရှည်မှာ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုရှိနေကြပါတယ်။ ပြောင်းခင်းကို စီးပွားဖြစ် စိုက်ပျိုးစဉ်က တစ်ဧကကို ငွေကျပ် ၅သိန်းနဲ့အထက် ကုန်ကျမှုရှိတယ်လို့ ဆိုပါတယ်။ ပြောင်းမျိုးစေ့ ၊ မြေဩဇာ နဲ့ တခြားကုန်ကျစရိတ်တွေကို ချေးငှားပြီး စိုက်ပျိုးရသူလည်းရှိတာကြောင့် အခက်အခဲ ကြုံရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒေသခံတောင်သူတချို့ကတော့ နေ့စားအလုပ်လုပ်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြတယ်လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။
“ဒေသခံတွေက သီးနှံတွေကို မှီခိုပြီး ရပ်တည်ရတာ ဖြစ်တဲ့အတွက် သီးနှံတွေ ရေမြုပ်ကုန်တော့ အခက်အခဲဖြစ်တာပေါ့။ အဲ့ဒီအခက်အခဲတွေကို ရရာအလုပ်လေးနဲ ပြန်လည်ရုန်းကန်ပြီးတော့ ပြန်လည်ဖြေရှင်းရတာပေါ။” ဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံကို ဖြတ်သန်းတဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီပြည်က နေရာအနှံ့အပြားမှာလည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး စပါးခင်း နဲ့ တခြားစိုက်ပျိုးသီးနှံဧက ( ၁၀၈၆၇.၄၁) ရေနစ်မြှုပ်ပျက်စီးခဲ့တယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။
ဒေသခံတောင်သူတွေက အားထားစိုက်ပျိုးကြတဲ့ စပါးခင်းအများစုလည်း ရေနစ်မြှုပ်တာကြောင့် လာမယ့်နှစ်မှာ စားနပ်ရိက္ခာပြတ်လပ်နိုင်ခြေရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။