spot_imgspot_imgspot_imgspot_img
Friday, November 8, 2024
spot_imgspot_imgspot_imgspot_img

ရေဘေးသင့်စစ်ရှောင်တွေ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ဖို့အတွက် အကူအညီတွေလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ရေဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြတဲ့ ကရင်နီပြည်က စစ်ရှောင်လူထုတွေအတွက် လက်ရှိမှာ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးနိုင်ဖို့ အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။

ရေဘေးသင့်ခဲ့ကြတဲ့ စစ်ရှောင်တွေရဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍမှာ စားဝတ်နေရေးအပြင် ပညာရေး ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ ပိုမိုလိုအပ်တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ နွေဦးဂုရုလေးများအဖွဲ့ရဲ့ အသင်းဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဓိကကတော့ စစ်ရှောင်တွေ လုံခြုံတဲ့နေရာမှာ နေထိုင်‌နိုင်ဖို့ပေါ့။ ပြီးတော့ စားနပ်ရိက္ခာ လုံလောက်စွာရရှိဖို့နဲ့ ‌ကလေးပညာရေးအတွက် ကျောင်းပုံမှန်ပြန်လည်ဖွင့်နိုင်ဖို့က ပိုလိုအပ်ပါတယ်” လို့ နွေဦးဂုရုလေးများအဖွဲ့ရဲ့ အသင်းဝင်တစ်ဦးက ပြောပါတယ်။

ပွန်ချောင်းဖက်က ရေဘေးသင့်စစ်ရှောင်တွေကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနေပြီး လက်ရှိမှာတော့ စစ်ရှောင်စခန်းတချို့ကို စောင်နဲ့ စက်သုံးဆီတွေ ပို့ဆောင်ပေးနေတယ်လို့ နွေဦးဂုရုလေးများအဖွဲ့ဆီကနေ သိရပါတယ်။

ဓာတ်ပုံ- Nway Oo Guru Lay Myar

စစ်ရှောင်ကူညီဆောင်ရွက်ရေးအဖွဲ့ဖြစ်တဲ့ Clean Yangon အဖွဲ့အနေနဲ့ ရေဘေးသင့် စစ်ရှောင်လူထုတွေရဲ့ ပြန်လည်ထူထောင်ရေးမှာ အသုံးပြုနိုင်ဖို့ အရေးပေါ် ကူညီကယ်ဆယ်ရေးအတွက် ဘက်စုံသုံး ကားတစ်စီး ၊ ရေကျချိန်မှာ ကမ်းကူးနိုင်မယ့်ဖောင် ပြုလုပ်ဖို့အတွက် ကုန်ကျစရိတ် ၊ စစ်ဘေးရှောင် မိသားစုတွေအတွက် ဆိုလာမီးအိမ်၊ လာမဲ့ဆောင်းရာသီအတွက် စောင်၊ စခန်းအသီးသီးမှာရှိတဲ့ CDM ကျောင်းဆရာ/ဆရာမတွေရဲ့ လစာ နဲ့ ရေဘေးသင့် စစ်ဘေးရှောင်စခန်းရဲ့ စာသင်ဆောင်လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

စစ်ရှောင်စခန်းတွေမှာ ရေပြန်လည်ကျဆင်းသွားတာရှိသလို တချို့နေရာမှာလည်း ပုံမှန်အတိုင်း ပြန်မကျသေးတဲ့နေရာတွေ ရှိနေသေးတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ဖို့ လူထု၊ မြို့နယ်အုပ်ချုပ်ရေး နဲ့ IEC တို့ပူးပေါင်းပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ပြောပါတယ်။

“ကျနော်တို့ ဒီပုံစံအတိုင်းနေပါလို့ ပြောလို့မရဘူးလေနော်။ လူထုက သူတို့ရဲ့ လုံခြုံရေး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအရက သူတို့ နေသင့်တဲ့ဆောက်သင့်တဲ့ ပုံစံလုပ်သွားမှာပါ။ ဒါပေမဲ့ ကျနော်တို့က လိုအပ်တဲ့ငွေကြေးနဲ့ ပစ္စည်းတွေကို ပံ့ပိုးနိုင်ဖို့အတွက်ပဲ အဓိက စဥ်းစားတာပေါ့နော်” လို့ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည်မှာရှိတဲ့ စစ်ရှောင်လူထုတွေဟာ စစ်ဘေးအပြင် ရေဘေးပါ ရင်ဆိုင်နေရတဲ့အတွက် လိုအပ်ချက်များနေပြီး အကူအညီတွေလည်း လိုအပ်နေကြပါတယ်။ စားနပ်ရိက္ခာ နဲ့ နေရာထိုင်ခင်းအပြင် ဝင်ရောက်လာတော့မဲ့ ဆောင်းရာသီအတွက် စောင်နဲ့အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်လူထုတွေဆီကနေ သိရပါတယ်။

spot_img
spot_img

Recent posts