spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

ရေဘေးသင့်ပြည်သူအတွက် လူသားချင်းစာနာမှုအကူအညီကို သက်ဆိုင်ရာအဖွဲ့အစည်းကနေတဆင့် ပေးဖို့ KNPP၊ CNF၊ KNU၊ NUG တို့ ပူးပေါင်းကြေငြာ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုဘေးအန္တရာယ်အတွက် လူသားချင်းစာနာကူညီမှု လုပ်ငန်းဆောင်ရွက်တဲ့ခါ အကူအညီတွေ အလေအလွင့်မရှိ‌‌အောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ တိုက်ရိုက်ပေးပို့ဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့က စက်တင်ဘာလ ၁၇ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။

ရရှိလာတဲ့အကူအညီတွေကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၊ အရပ်ဖက်အဖွဲ့အစည်းတွေကို တိုက်ရိုက်ပံ့ပိုးပေးဖို့ အပြင် အချက် ၈ ချက်ကို လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံ နဲ့တကွ ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေကို ပူးတွဲတောင်းဆိုထားတာဖြစ်ပါတယ်။

လတ်တလော တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်နေတဲ့အရေးပေါ်အခြေနေမှာ ရေ‌ဘေးအတွက် လူသားချင်းစာနာမှုအကူအညီတောင်းခံတာတွေက မြန်မာနိုင်ငံတွင်းလူထုတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျှက်ရှိနေပါတယ်။ ဒီလိုအကူညီတောင်းခံမှုတွေ ဆက်တိုက်ရှိနေလာနဲ့အမျှ လူထုဆီရောက်မယ့် အကူအညီတွေက အလေလွင့် ပိုရှိလာစေတယ်လို့ ပြောပါတယ်။

ကရင်နီမှာလည်း လူသားချင်းစာနာမှု အကူအညီအတွက် တောင်းဆိုကြတဲ့ အရပ်ဖက်အဖွဲ့အစည်း ၊ စစ်ရှောင်ကူညီရေးအဖွဲ့ ၊ ကယ်ဆယ်ရေးအဖွဲ့တွေ အများအပြားရှိနေပါတယ်။ စစ်ဘေးဒဏ် ၊ ရေဘေးသင့်ပြည်သူတွေကို အကြောင်းပြပြီး အွန်လိုင်း ငွေလိမ်လည်မှုနဲ့ အကူအညီတောင်းခံတဲ့သူလည်း ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေက ပြောပါတယ်။

“တစ်ကယ်တော့သူများသူတို့ကို ပေးလှူလာတဲ့ဟာတွေတော့ အများကြီးရှိလိမ့်မယ်ထင်တယ်။ ဒါမဲ့ သူတို့နားရောက်သွားတဲ့ဟာတွေက တစ်ကယ့်မြေပြင်မှာ မရောက်ပဲနဲ့ သူတို့အိတ်ကပ်ထဲပဲ ရောက်သွားတဲ့ဟာမျိုးတွေပေါ့နော။” လို့ မြေပြင် အကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

အကူအညီပေးကြသူတွေအနေနဲ့ သေသေချာချာ စီစစ်ပြီး အလှူငွေထည့်ဝင်ကြဖို့လည်း သူကပြောပါတယ်။

တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်တဲ့ ”ရာဂီ” မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကရင်နီပြည်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့မှာ ရေဘေးကြောင့် လူခုနှစ်သိန်းခန့် ထိခိုက်နိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထုတ်ပြန်ချက်မှာ စစ်ဘေးအပြင် ရေဘေးသင့်ပြည်သူအတွက် နိုင်ငံတကာအကူအညီ နဲ့ ပြည်တွင်းပြည်ပ အကူအညီတွေ လူသားချင်းစာနာမှု အထောက်အပံ့တွေ အရေးပေါ်လိုအပ်နေတယ် လို့လည်း ပြောထားပါတယ်။ ရေဘေးသင့်လူထုအတွက် ရရှိလာတဲ့ အကူညီ တွေကိုလည်း နိုင်ငံရေး၊ စစ်ရေးတို့မှာ အမြတ်ထုတ် မခံရအောင် အထူးသတိပြုဆောင်ရွက်ဖို့လည်း ပြောထားပါတယ်။

စစ်ကောင်စီမီဒီယာ ထုတ်ပြန်ချက်အရ ရာဂီ မုန်တိုင်းအရှိန်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံမှာ သေဆုံးသူ ၂၂၆ ဦးရှိနေပါတယ်။ ကရင်နီမှာလည်း ‌‌ရေဘေးကြောင့် လူထု ၃၀၀၀၀ ကျော်ရေဘေးသင့်နေပြီး ၂၄ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts