ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး (ကသဲ) ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာမီးရှို့မယ်လို့ သတင်းကြားရတဲ့အတွက် ကျေးရွာဒေသခံတွေ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရွာကိုစွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖယ်ခုံမြို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။
“သူတို့က အစရွာထဲမှာမနေဘူး စစ်ရှောင်ကြတော့ ဆေးရုံမှာပဲ အကုန်လုံးစုနေကြတာ အဲ့ကိုပဲ လက်နက်ကြီးကျတာ။ ဒီမနက်ပိုင်းမှာ ဆေးရုံကိုထပ်ဖျက်စီးလိုက်ပြီလားမသိဘူး ပြောသံကြားတယ်။ ခုနပြောသံကြားတာတော့ ကင်းထောက်တွေတော့ထားပြီး တချို့ပြန်ဆုတ်သွားပြီလို့ ကြားတယ်။ နောက်ပြီး သူတို့(စစ်ကောင်စီ)ပြောတာက ဒီရွာက တစ်ခုခုထပ်ဖြစ်ရင် နင်တို့ရွာကို ငါတို့က မီးရှို့လိုက်မယ်ဆိုပြီး ရွာသားတွေကကြောက်ပြီး ထွက်ပြေးလာတာ။” လို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။
ယမန်နေ့ (အောက်တိုဘာလ၂၇) ရက်နေ့ မနက်စောပိုင်းမှာ စစ်ကောင်စီတပ်မှ ကသဲကျေးရွာဖက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ အားထားရတဲ့ ဆေးခန်းပျက်စီးခဲ့ရပြီး ဒေသခံနေအိမ် ၅လုံးခန့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ ၂၇၀ ဝန်းကျင် တိမ်းရှောင်နေရပြီး ကလေး၊ အမျိုးသမီး၊ သက်ကြီးရွယ်အို အများစုဖြစ်သလို နေမကောင်းတဲ့သူလည်းပါဝင်တဲ့အပြင် စားနပ်ရိက္ခာတစ်ပတ်စာသာ အဆင်ပြေနိုင်ပြီး ကမန်းကတမ်း ထွက်ပြေးခဲ့ရတဲ့အတွက် စောင်၊ အနွေးထည် လိုအပ်မှုရှိတယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်း ကျေးရွာထဲ စစ်သားအချို့ ဝင်ရောက်နေရာယူထားတယ်လို့ သိရပါတယ်။
“ဆေးရုံတစ်ခုလုံး တော်တော်ပျက်စီးသွားတယ်။ နောက်ပြီး ဒီရက် သူတို့(စစ်ကောင်စီ) နယ်မြေရှင်းလင်းရေး ထပ်လုပ်မလားတော့ မသိဘူး။ တချို့ကလည်း ပြန်ဆုတ်သွားပြီလား ပြောသံတော့ကြားတယ်။ ကင်းထောက်ပြီးထားခဲ့တာဆိုတော့ အဲ့မျိုးတော့ကြားတယ်။ ဒါပေမယ့် ရွာထဲထိတော့ မသွားကြည့်သေးဘူး ခုလောလောဆယ်ပေါ့နော။” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာအနီး တောင်ကုန်းပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဖယ်ခုံPDF၊ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ကနေ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ဖယ်ခုံမြို့အတွင်း လက်နက်ကြီးရမ်းသန်းပစ်ခတ်တာတွေ စစ်ဆေးရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ယခုရက်ပိုင်းအတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံ မြို့နယ်အတွင်းရှိ ကောင်းကင်ယံမှာ ညနေပိုင်းအချိန်မှာ စစ်ရဟတ်ယာဉ်တွေနဲ့ လှည့်လည်စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။