ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ဒေလကြိုအုပ်စုအတွင်းက ကိုကွေကျေးရွာမှာ ယခုနှစ်အတွက် ကလေးစာသင်ကြားနိုင်ဖို့ စာသင်ဆောင်ကို ဆောက်လုပ်နေဆဲဖြစ်ပြီး အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကိုကွေ ကျေးရွာဥက္ကဌ ကိုနေဝင်းက အခုလို ပြောပါတယ်။
“တတ်နိုင်ရင် ကူညီပေးနိုင်တဲ့အဖွဲ့စည်းကပဲ နည်းနည်းလေး အကူအညီတောင်းပြီးတော့ ဟိုဖက်နည်းနည်း ဒီဖက်နည်းနည်းဆိုတော့ အဆင်ပြေ သွားမယ်လို့တော့ မျှော်လင့်တယ်ပေါ့။ ဒီကျောင်းပြီးဖို့က အမြန်ဆုံးဆောင်ရွက်မှရမယ် ဘာလို့လဲဆိုတော့ ကျောင်းက စာသင်ရတော့မှာပေါ့။ ဒီတစ်လအတွင်းပြီးအောင် ကျနော်တို့ဆောက်သွားမယ်။ အဓိက အမိုး၊အကာ၊ သံမှို အဲ့ဒီ ၃ခုရရင်တော့ အဆင်ပြေတယ်။”လို့ ကိုကွေကျေးရွာဥက္ကဌ ကိုနေဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး သဘာဝဘေးဒဏ်ကြောင့် ကျေးရွာအတွင်း မြေအက်ကွဲလာပြီး တခြားနေရာကို ရွာလုံးကျွတ် ရွေ့ပြောင်းနေထိုင်ကြရတာပါ။ကျေးရွာအလယ် လမ်းမနဲ့ ကျေးရွာလမ်းချင်းဆက်သွားလာတဲ့ လမ်းမှာလည်း မြေပြိုခဲ့ပြီး သွားလာလို့အဆင်မပြေတော့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာလည်း ရွေ့ပြောင်းရတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို ဆောက်လုပ်နေဆဲဖြစ်ပြီး ပညာရေးအတွက်လည်း ဦးစားပေးဆောက်လုပ်လိုတာကြောင့် ကျောင်းဆောင်ကို ဆောက်လုပ်နေပေမယ့် အကူအညီလိုအပ်နေသေးတာဖြစ်ပါတယ်။
ကျေးရွာဟောင်းမှာ စာသင်ကျောင်းဆောင်ရှိသေးပေမယ့် တိုင်၊ သွပ်မိုး၊ စာရေးခုံ၊ ထိုင်ခုံတွေကို သယ်ယူလို့ လမ်း အဆင်မပြေတော့တာကြောင့် စာသင်ကျောင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေကို အနည်းငယ်သာ ယူဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေဟာလဲ စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး တခြားဝင်ငွေရအလုပ်အကိုင်လည်း မရှိတာကြောင့် ကျေးရွာအသစ်အတွက် လိုအပ်တဲ့ စာသင်ကျောင်းဆောင်တွေကို ဆောက်နိုင်ဖို့ အကူအညီရရှိဖို့ ကန္တာရဝတီတိုင်း ( မ် ) က တဆင့် တောင်းခံမှုလည်း ရှိနေပါတယ်။
“ အကူအညီမရဘူးဆိုရင်တော့ ဘားလုပ်လို့မရဘူးလေ အလုပ်လည်းများတယ်လို့ ပြောရမှာပေါ့။ ဘုရားကျောင်းလည်းဆောက်ရမယ် စာသင်ကျောင်းလည်း ဆောက်ရမယ် ခန်းမဆောင်ကော အကုန်လုံးဆောက်လုပ်ရမယ်လေ။ အခုထိ တလုံးမှ မဆောက်ရသေးဘူးလေ”လို့ ကျေးရွာခံ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ယခုနှစ် ပညာသင်နှစ်အတွက် KG တန်းကနေ Grade 5 အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား ၃၀ ကျော်ရှိကာ ဆရာ၊ ဆရာမ ၆ ဦးနဲ့ သင်ကြားသွားမယ်လို့ သိရပါတယ်။ ကိုကွေကျေးရွာမှာတော့ ဒေသခံတွေအပါအဝင် စစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်ကြပြီး အိမ်ခြေ ၃၆ အိမ်ရှိနေပြီး လူဦးရေ ၂၀၀ ဝန်းကျင်ရှိပါတယ်။