ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်ရှိ တောင်ပေါ်ဒေသတွေမှာ ရွေ့ပြောင်းတောင်ယာအများဆုံးလုပ်ကိုင်ကြပြီး လူဦးရေတိုးပွားလာခြင်းကြောင့် တောင်ယာခုတ်ထွင်မှုလည်း ပိုမိုများပြားလာတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူမှုအဖွဲ့တွေဆီက သိရပါတယ်။
၂၀၂၄ နှစ်စပိုင်းမှာ ဖရူဆိုမြို့နယ် အနောက်ခြမ်းတွေက ရွေ့ပြောင်းတောင်ယာ ခုတ်ထွင်မှုကို အများဆုံးတွေ့လာရတာကြောင့် ၎င်းက သစ်တောဂေဟစနစ် ပျက်စီးစေမှုအပြင် သစ်တောပြုန်းတီးမှုအတွက် စိန်ခေါ်မှုတစ်ခုလည်း ဖြစ်လာတယ်လို့ Karenni Evergreen( KEG) တာဝန်ရှိသူက ပြောပါတယ်။
“စနစ်တကျ မခုတ်ဘဲ သစ်တောအပြောင်ရှင်း မီးရှို့တဲ့အတွက်ကြောင့် သစ်တောပြုန်းစေသလို သစ်တောဂေဟစနစ်လည်း ပျက်စီးသေးတယ်။ လူမှုအသင်းအဖွဲ့အနေနဲ့ ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးဖို့လိုအပ်တယ်။ ပြီးတော့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်နည်းပညာတွေကို ပံ့ပိုးပေးဖို့လိုအပ်ပါတယ်။” လို့ ပြောပါတယ်။
အာဏာသိမ်းကာလမတိုင်ခင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာ လူမှု အဖွဲ့အစည်းတွေက ကရင်နီ ပြည်တွင်းရှိ မြို့နယ်တော်တော်များများမှာ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ သဘာဝပတ်ဝန်းကျင်အပေါ် အာရုံစိုက်ချိန်မရတော့တဲ့ လူထုတွေကို ပညာပေးလုပ်ငန်း လုပ်ဆောင်ဖို့ ခက်ခဲတာကြောင့် ရပ်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ဘေးရှောင်ကာလအတွင်း သဘာဝအရင်းအမြစ်တွေ ထုတ်ယူမှု များပြားလာတာကြောင့် ၂၀၂၃ ခုနှစ်ကစလို့ မြေယာအရေး၊ သဘာဝ ပတ်ဝန်းကျင် အရေး ၊ သစ်တောအရေး အသိပညာပေးလုပ်ငန်းတွေကို ထဲထဲဝင်ဝင် ပြန်လည်လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။
တောင်ယာခုတ်တွင်မှု များပြားလာတဲ့ ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ ဒေသအတွင်း စစ်ဘေးတိမ်းရှောင်လာသူ အရေအတွက်လည်း များတာကြောင့်အပြင် နယ်မြေဒေသခံလူဦးရေ တိုးပွားလာခြင်းကြောင့် ရွေ့ပြောင်းတောင်ယာ ခုတ်ထွင်မှုလည်း ပိုများလာလို့ ဆိုပါတယ်။ ဒါပေမဲ့ ခုတ်ထွင်သူအများစုကတော့ နယ်မြေဒေသခံတွေ ဖြစ်တယ်လို့ ဖရူဆို ဒေသခံတစ်ဦးက ပြောပါတယ်။
တောင်ယာတစ်နေရာခုတ်ထွင်ပြီး နောက် ၆နှစ်အကြာမှာ နေရာပြောင်းရွေ့လုပ်ကိုင်ရင် ယခင်မူလနေရာမှာ သစ်ပင် ၉၀ ရာခိုင်နှုန်းထိ ပြန်ပေါက်လာတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“သစ်ပင်တွေ အများအားဖြင့် ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ၊ ၉၀ လောက်ကတော့ ပြန်ပေါက်ကြတာပေါ့နော။ ပြီးတောာ့ သူ့အပင် အမြစ်က အဲ ၅နှစ် ၆နှစ် အတွင်းမှာဆိုလို့ရှိရင် ၈ ပေ ၉ပေ လောက်တော့ ရှိတယ်ပေါ့နော။ သူ့ရဲ့ လုံးထွာတွေကျတော့ ၂ လက်မ ၃ လက်မလောက်ပဲ ရှိလာတယ်ပေါ့နော” လို့ ဖရူဆို ဒေသခံတစ်ဦးက ပြောပါတယ်။
၆ နှစ်တစ်ကြိမ် ရွေ့ပြောင်းတောင်ယာ ခုတ်တွင်လုပ်ကိုင်တဲ့ ဖရူဆို အနောက်ခြမ်းဒေသမှာ သစ်တောထိန်းသိမ်းတဲ့ လုပ်ဆောင်ချက်တွေ အားနည်းနေသေးတယ်လို့ ဆိုပါတယ်။ ရွေ့ပြောင်းတောင်ယာမှာ စပါးကို အဓိက စိုက်ပျိုးကြပြီး ပဲသီး၊ သခွားသီး၊ ငရုပ်သီး၊ ဘူးသီး စတဲ့ သီးနှံအနည်းငယ်လည်း စိုက်ပျိုးကြပါတယ်။ ရွေ့ပြောင်းတောင်ယာက ရတဲ့ တောင်ယာစပါးက မိသားစုတစ်စုအတွက် တစ်နှစ်ခန့်သာ ဖူလုံမှုရှိတယ်လို့ သိရပါတယ်။