spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ ကွင်းဆင်းနိုင်ကြောင်း KNPP ပြော

Author

Date

Category

မော်ဦးမြာ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်(NCA) မထိုးထားသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထိန်းချုပ်နယ်မြေတွေဘက်မှာ ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ ကွင်းဆင်းပြီး မဲဆွယ်စည်းရုံးနိုင်တယ်လို့ ( KNPP) ရဲ့ ရှားတောမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ ခူးဘိုးရယ်က ပြောပါတယ်။

“အရင်ရွေးကောက်ပွဲကာလမှာ ပြန်ပြီးသုံးသပ်ကြည့်ရင် သူတို့ဟာသူတို့လွတ်လွတ်လပ်လပ် မဲဆွယ်ပိုင်ခွင့်ရှိတယ်။ ကျနော်တို့ဘယ်လိုမှ အနှောက်အယှက်ပေးလို့ ဘယ်လိုပြောမလဲ ကျနော်တို့ တပ်တွေ၊ သက်ဆိုင်ရာ ဒီမြို့နယ်လုံခြုံရေးတွေ ကိုယ့်ဟာကို သီးသီးခြားခြား သူတို့အနှောက်အယှက်မပေးဖို့ ကိုယ့်ဟာကို လွတ်လွတ်လပ်လပ်နေဖို့ဒီလောက်ဘဲကျနော်တို့ ညွှန်ကြားထားတာရှိတဲ့ အပေါ်မှာ ဒီနိုင်ငံရေးပါတီတွေက သူ့ဟာသူ လွတ်လွတ်လပ်လပ် ကွင်းဆင်းတာတွေဘဲ ရှိတယ်။” လို့ ခူးဘိုးရယ်က ပြောပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်း ရှားတောမြို့နယ်ကျေးရွာတွေဘက်မှာ NLD ကနေ စည်းရုံးရေးဆင်းခဲ့ချိန်က မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – ဂျွန်ပေါ

ရှားတောမြို့နယ်ဟာ ယခုအချိန်မှာ နိုင်ငံတော်အစိုးရက အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရှားတောမြို့နယ်အတွင်း မဲဆန္ဒနယ် နေရာအားလုံးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမဲ့ ကိုယ်စားလှယ်လောင်းတွေက လူထုကိုကြည့်ပြီး လူထုတွေအတွက် ရှေ့ထွက်နိုင်မဲ့ ပုဂ္ဂိုလ်မျိုးကိုသာ လူထုတွေက လိုအပ်တယ်လို့ ခူးဘိုးရယ်က ပြောပါတယ်။

“ကျတော်တို့ကရင်နီအမျိုးသားတိုးတက်ရေးပါတီလည်း ပါတီစုံ ဒီမိုကရေစီကို ခံယူထားတယ်။ အဲ့ဒါကို ကျတော်တို့ဘယ်ပါတီဘဲဖြစ်ဖြစ် တကယ့်လူထုအရေး ကောင်းစားဖို့လုပ်တဲ့ ပါတီ ဖြစ်မယ်ဆိုရင် သူတို့ လွတ်လွတ်လပ်လပ်သွားလာဖို့ ကျတော်တို့ အဲ့လိုမျိုး ရည်ရွယ်ထားတာပေါ့လေး။” လို့ ခူးဘိုးရယ်က ဆက်ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ လွှတ်တော် အသီးအသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့မှာ သတ်မှတ်ကြေညာလိုက်ပြီးပါပြီ။

ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီမှ ရှားတောမြို့နယ်အတွင်း ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး နယ်မြေလုံခြုံရေး၊ ပုဂ္ဂိုလ်လုံခြုံရေးတွေအတွက် နှစ်ဖက် လက်နက်ကိုင်တွေက နားလည်ပေးနိုင်မယ်လို့ ယူဆတဲ့အတွက် လက်ရှိအချိန်မှာတော့ စိုးရိမ်မှု မရှိဘူးလို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ရှားတောမြို့နယ်တာဝန်ခံ ဦးစိုင်းအုန်းမြင့်က ပြောပါတယ်။

“စိုးရိမ်စရာ အဲ့ဒါတော့ မရှိဘူးလို့ ကျတော်တို့ ယူဆတယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျတော်တို့က ကယားပြည်နယ်ကိုပဲ ကျတော်တို့ ကိုယ်စားပြုပြီးတော့ ကယားပြည်နယ်အတွက် အလုပ်လုပ်နေတယ်ဆိုတာလည်း သူတို့ သဘောပေါက်လောက်မယ်လို့ ကျတော် ယူဆတယ်ပေါ့နော။” လို့ ဦးစိုင်းအုန်းမြင့်က ပြောပါတယ်။

ပါတီစည်းရုံးရေးအတွက် အခက်အခဲ၊ စိန်ခေါ်မှုတွေ မရှိပေမဲ့ ဒေသခံပါတီတွေအတွက် အချိန်အကန့်ကြောင့် လက်ရှိ အာဏာရအစိုးလောက်တော့ အခွင့်မသာဘူးလို့ ဦးစိုင်းအုန်းမြင့်က ဆက်ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့လည်း ရှားတောမြို့နယ်အတွင်းမှာ ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်ပေးနိုင်ဖို့ အဓိက ရည်ရွယ်ထားတယ်လို့ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေ အနိုင်ရခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဌေးရယ်က ပြောပါတယ်။

“ကျတော်တို့က ကိုယ့်ရှေ့ရေးအတွက် ကိုယ့်အကျိုးအတွက် ဝင်ရောက်တာမျိုး မဟုတ်ပဲနဲ့ ဒေသဖွံ့ဖြိုးရေးအတွက်ကို အဓိက ထားပြီးတော့ ဒီငြိမ်းချမ်းရေးကိစ္စလည်းပဲ ဆက်လက်ဆောင်ရွက်ပေးနိုင်ဖို့ အတွက်ကို အဓိက ရည်ရွယ်ချက်ထားပြီး ဝင်တာမို့လို့ ဒီအတွက်ကိုတော့ စိုးရိမ်မှု မရှိပါဘူး။” လို့ ဦးဌေးရယ်က ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခဲ့ချိန်မှာတော့ လူထုတွေအနေနဲ့ ရွေးကောက်ပွဲ အသိပညာအတွေ့အကြုံမရှိခဲ့လို့ ခက်ခဲ ခဲ့တဲ့အကြောင်း တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း အရပ်သားအစိုးရ ဖြစ်ပေါ်လာဖို့အတွက် ရွေးကောက်ပွဲကို လက်ကမ်းကြိုဆိုပေးဖို့ ညှိယူခဲ့ရတယ်လို့ ဦးဌေးရယ်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက ရှားတောမြို့နယ်အတွင်းမှာ မြန်မာအစိုးရ စစ်တပ်နဲ့ KNPP တို့ ထိပ်တိုက်တွေ့ဆုံရာမှ အရပ်သားတစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်လည်းဖြစ်ပွားခဲ့ပါတယ်။

spot_img
spot_img

Recent posts