ကန္တာရဝတီတိုင်း(မ်)
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဗျူဟာ ၉ အဖြစ် ရှမ်းတောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပူးပေါင်း လိုက်တဲ့နောက်ပိုင်း ရှမ်းပြည်တောင်ပိုင်းဒေသမှာ စစ်ရေးဖော်ဆောင်မှုတွေ အဓိက လုပ်ဆောင်သွားမယ်လို့ KNDF ဗျူဟာ (၉) ရဲ့ စစ်နည်းဗျူဟာမှူး ကိုဖိုးခွားက ပြောပါတယ်။
“ရှမ်းတောင်တပ်ဖွဲ့တွေ အတွက် ရှမ်းတောင်နယ်မြေတွေကို လိုအပ်တော့ ရှမ်းတောင်ထိ စစ်ရေးထိုးဖောက်ဖို့ လိုအပ်တယ်။ ပြီးတော့ ရှမ်းတောင် စစ်ရေးဖော်ဆောင်နိုင်တာနဲ့အမျှ ကရင်နီအတွက်နယ်မြေအရ စစ်ရေးမှာ အများကြီးထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။”လို့ ဗျူဟာအမှတ် ၉ ရဲ့ စစ်နည်းဗျူဟာမှူး ကိုဖိုးခွားက ပြောပါတယ်။
လက်ရှိ ရှမ်းတောင်ဒေသမှာတော့ စစ်ကောင်စီတပ် နဲ့ ထိတွေ့တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်ပွားတာမရှိပေမယ့် ဗျူဟာ အမှတ် ၉ အနေနဲ့ ကရင်နီ နယ်မြေအတွင်းက တိုက်ပွဲတွေမှာ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နေတာရှိတယ်လို့ ကိုဖိုးခွားက ဆိုပါတယ်။
ရှမ်းတောင် အခြေစိုက်တပ်တွေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU ၊ ရှမ်းတောင်ဒေသခံ ကာကွယ်ရေးတပ် အမှတ် ၁၀၀၅ ၊ အမှတ် ၁၀၀၈ ၊ SODF တို့က ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF အမည် နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉)မှာ ပူးပေါင်းပါဝင်လာတာပါ။
ဧပြီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ပူးပေါင်းပါဝင်လာတဲ့ SSNDF ထပ်ဖွဲ့ဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ရေးအမိန့်အောက်မှာ ဆက်လက် တိုက်ပွဲဝင်မယ်လို့လည်း ဆိုထားပါတယ်။
“KNDF COC အောက်မှာ လုပ်ဆောင်သွားမယ်လို့ ကျနော်တို့ ကြေငြာထားတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ KNDF နဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။”လို့ ကိုဖိုးခွားက ဆက်ပြောပါတယ်။
ပြောင်းလဲဖွဲ့စည်းထားတဲ့ SSNDF/KNDF ဗျူဟာအမှတ် (၉) ရဲ့ စစ်သင်တန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့မှာ သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါတယ်။
အခုလို ပူးပေါင်းဖွဲ့စည်းလိုက်တာဟာ ရှမ်းတောင်ဒေသအတွင်းက အခြေခံ နယ်မြေတွေ တည်ဆောက်လိုတဲ့ ရည်ရွယ်ချက်လည်း ပါတာကြောင့် ရှေ့လုပ်ငန်းစဥ်တွေအနေနဲ့ နောက်ထပ် ပေါင်းစည်းမှုတွေကို ဆက်လက်ကြိုးစားဆောင်ရွက်သွားမယ်လို့ KNDF ဗျူဟာ အမှတ်(၉)ရဲ့ စစ်နည်း ဗျူဟာမှူး တာဝန်ရှိသူ ကိုဖိုးခွားက ပြောဆိုထားပါတယ်။