ကန္တာရဝတီတိုင်း(မ်)
စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်ဒဏ်ခံနေရတဲ့ ရှမ်းပြည်တောင်ပိုင်းက စစ်ရှောင်တွေနဲ့ ပြည်သူတွေဟာ ၆ ရက်အတွင်းမှာ သေဆုံးသူ၁၄၀ ဦးရှိလာပြီး၊ ရေဘေးသင့်နေဆဲ ကျေးရွာပေါင်း ၂၀၀ နဲ့အထက် ရှိသလို ပျောက်ဆုံးနေသူ ၁၀၀ ဝန်းကျင်ရှိတယ်လို့ ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ထားပါတယ်။
ရှမ်းတောင် ၊ တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင် ( ပင်လုံ ၊ လွိုင်လင် ၊ မိုင်းပွန် ) ၊ မောက်မယ်မြို့နယ် (ဗန်းမက် ၊ မောက်မယ် ) ဒေသက ရေဘေးသင့်အခြေအနေကို PYO ပြုစုထားတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ပြည်သူစာရင်းမှာ အသက်အရွယ် အသေးစိတ် မသိရသေးပေမဲ့ ကလေးငယ်တွေ သေဆုံးမှုနှုန်း ပိုများနိုင်တယ်လို့ PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“သေဆုံးသူတွေရဲ့ အခြေအနေကို ကိန်းဂဏန်းအချက်အလက်ပဲ သိရသေးတယ်။ အသက်အရွယ် အပိုင်းအခြားနဲ့ပတ်သက်ပြီး ပအိုဝ်းလူငယ်အစည်းအရုံးအနေနဲ့ ရရှိထားတာ မရှိဘူး၊ ဒါပေမယ့် သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး သေဆုံး ရာခိုင်နှုန်း များတယ်လို့ ပြောလို့ရတယ်။”လို့ PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ကျေးရွာတွေမှာ တောင်ကျရေတွေ ပြန်ကျဆင်းလာနေဆဲဖြစ်ပြီး ချောင်းနဲ့ နီးတဲ့ဒေသတွေ၊ အင်းလေးနဲ့ နီးတဲ့ ဒေသတွေမှာ ရေဆက်လက်မြှင့်တက်လာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“ရေဘေးသင့်တဲ့ ပြည်သူတွေ၊ စစ်ရှောင်တွေက ဝေးတဲ့နေရာ မရှောင်နိုင်ကြဘူး၊ ရှောင်စရာ နေရာလည်း မရှိဘူး ပြောရမယ်၊ တော်တော်များများ ရေမြုပ်နေကြတဲ့ ဖြစ်တဲ့အတွက်ကြောင့် ရုတ်တရက်ဖြစ်လာတဲ့ ကိစ္စရပ် ဖြစ်တဲ့အတွက်ကြောင့် မြင့်တဲ့နေရာကို ရွေ့ပြီး နေကြတာမျိုး၊ နီးစပ်ရာ ရေမရောက်တဲ့နေရာတွေကိုပဲ အရင် တိမ်းရှောင်ကြတာမျိုး လုပ်ကြပါတယ်” လို့ PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပါတယ်။
စစ်ရှောင်တွေ တိမ်းရှောင်နေကြတဲ့ နေရာတွေမှာလည်း ဆက်သွယ်ရေးအင်တာနက်လိုင်းတွေ မရကြတာကြောင့် အလှူရှင်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ခက်ခဲသလို အရေးပေါ် အချက်အလက်တွေကိုလည်း အချိန်နဲ့ တပြေးညီ မရရှိကြဘူးလို့ သိရပါတယ်။
ဒါ့အပြင် နေရာထိုင်ခင်း၊ အစားအသောက် နဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်မှုတွေ များနေတယ်လို့ ဆိုပါတယ်။
လိုအပ်ချက်တွေအတွက် ဒေသအလိုက် စစ်ရှောင်ကူညီဆောင်ရွက်ရေး ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးကြဖို့ကိုလည်း ပအိုဝ်းလူငယ်အစည်းအရုံးက တောင်းဆိုထားပါတယ်။
လက်ရှိ ရှမ်းပြည် တောင်ပိုင်းမှာ အရေးပေါ် တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်အပါအဝင် ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁သိန်းဝန်းကျင်ရှိတယ်လို့ PYO ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။