spot_imgspot_imgspot_imgspot_img
Tuesday, September 17, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်မှာ အိမ်ငှားခဈေး ပိုမြင့်လာတာကြောင့် ကရင်နီစစ်ဘေးရှောင်တွေ အခက်တွေ့

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တချို့မှာ စစ်ရှောင်တွေ ထပ်မံရောက်ရှိလာပြီး အိမ်ငှားခဈေးဟာ ယခင်ကထက် ပိုများလာတာကြောင့် ကရင်နီစစ်ဘေးရှောင်တွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

“ခုက လာရှိုးဖက်က စစ်ရှောင်တွေ လည်း ရောက်လာတော့ ငွေ ပိုပေးမယ့် သူ ထား မယ့် ပုံစံဖြစ်နေပြီ။ ဒီမှာက အနည်းဆုံး ၆ လ ၊ တစ်နှစ် ချုပ် ရတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး” လို့ တောင်ကြီးမြို့မှာ စစ်ဘေးရှောင်နေတဲ့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာလို့ စစ်ရှောင်တွေက စားဝတ်နေရေးကို ပူပန်နေရတာပါ။

ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ စစ်ရှောင်လူထုတွေဟာ တောင်ကြီးမြို့နဲ့ ရှမ်းတောင်ပိုင်းက မြို့နယ်တွေမှာ လာရောက်တိမ်းရှောင်ကြတယ်လို့ သိရပါတယ်။
ကရင်နီစစ်ဘေးရှောင်တွေကတော့ ၁ လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းက ညောင်ရွေ၊ အင်လေး ၊ အေးသာယာ၊ တောင်ကြီးမြို့က ဘုန်းကြီးကျောင်းတွေမှာ လာရောက်တိမ်းရှောင် ခိုလှုံနေထိုင်ကြတာဖြစ်ပါတယ်။

“ခုက ပြန်စရာအိမ်လည်း မရှိတော့ဘူး ။ အရင်နေခဲ့တဲ့ ဘုန်းကြီးကျောင်းကလည်း လက်မခံ ၊ အိမ်ငှားခကတော့ ၆လစာ ပေးထားလိုက်ပေမဲ့ အခြားကုန်စျေးနှုန်း အားလုံး တက်နေတော့လည်း စိတ်ဓါတ်တွေပါ ကျလာရော။” လို့ လွိုင်ကော်စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ရှမ်းပြည်မှာ အိမ်ငှားခအတွက် တစ်လကို နှစ်သိန်းပေးငှားရမ်းရာကနေ အိမ်ရှင်တချို့က သုံးသိန်းကျပ်အထိ တိုးမြှင့်တောင်းဆိုနေတာပါ။ အိမ်ငှားရမ်းမှုအတွက် အနည်းဆုံး ၆လ စာချုပ်ချုပ်ဆိုရတယ်လို့လည်း လွိုင်ကော်စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေထိုင်သူတွေကတော့ ထောက်ပံ့ကူညီမှု အနည်းငယ်ရရှိပေမယ့် အိမ်ငှားနေထိုင်သူတွေတော့ မရရှိဖူးဘူးလို့ အေးသာယာမြို့မှာ စစ်ဘေးရှောင်နေတဲ့ လွိုင်ကော်ဒေသခံအမျိုးသမီးက ပြောပါတယ်။

“ကျမတို့ စရှောင်ထဲက ဆန်တစ်ပြည်တောင် မရဖူးသေးပါဘူး။ နာမည် စာရင်းလည်း ပေးထားပေမဲ့ ဘာလို့လဲ မသိ ခုထိတော့ မရသေးဘူး” လို့ သူက ဆိုပါတယ်။

အိမ်ငှားခတိုးမြင့်ပေးရတာဟာ တစ်နေရာနဲ့ တစ်နေရာမတူညီဘူးလို့ ဆိုပါတယ်။ ရှမ်းပြည်က မြို့နယ်တွေမှာ စစ်ဘေးရှောင်ကြတဲ့ လွိုင်ကော်ဒေသခံတွေဟာ တစ်ပိုင်တစ်နိုင် ဈေးရောင်းတာ ၊ ရိုးရာအစားအသောက်ရောင်းတာ ၊ နေ့စားအလုပ်လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေရပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့တွင်းမှာ လတ်တလော တိုက်ပွဲဖြစ်ပွားနေပေမယ့်လည်း အိမ်ငှားခဈေးမြင့်တက်လာမှု နဲ့ ကုန်ဈေးနှုန်းမြင့်တက်လာမှုတွေကြောင့် ရှမ်းပြည်ရောက် လွိုင်ကော်စစ်ဘေးရှောင်အများစုဟာ နေရပ်ပြန်လာကြတာလည်း ရှိပါတယ်။

spot_img
spot_img

Recent posts