ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းကို လာရောက်တိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေအတွက် ရိက္ခာဖြန့်ဝေမှုတွေ ပိတ်ပင်ခံ ရာကနေတဆင့် နေရပ်ပြန်ဖို့ စစ်ကောင်စီဘက်က ဖိအားပေးမှုတွေ လုပ်နေတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီကနေ သိရပါတယ်။
“စစ်ရှောင်တွေကို ရိက္ခာဖြတ်မယ်။ ပြီးရင် ရိက္ခာမရှိတော့ရင် နေရပ်ပြန်ကြမယ် အဲ့လိုဖြစ်စေချင်တာလည်း ပါမယ်ထင်ပါတယ်။ အခုတော့ စစ်ရှောင်တွေက လက်ရှိတော့ကျန်နေပါသေးတယ်။ တချို့တစ်ဝက်ကတော့ပြန်ကုန်ကြပါပြီ။” လို့ စစ်ရှောင်ကူညီဆောင်ရွက်သူ အမျိုးသားတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီဟာ စစ်ရှောင်တွေကို ရိက္ခာမပေးဖို့ အမိန့်ပေး ညွန်ကြားထားသလို စစ်ဆေးရေးဂိတ်တွေမှာလည်း စစ်ရှောင်ရိက္ခာတွေကို သိမ်းယူတာ၊ ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်ရောက် စစ်ရှောင်တွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီက ယခင်နှစ် အောက်တိုဘာလ ကတည်းက ဖိအားပေးမှုတွေရှိခဲ့တာပါ။
“သူတို့ ပြောထားတာလဲ ၆လလောက်ကြာသွားပြီ ဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီလို အနုနည်း နဲ့ပေါ့ ဘယ်လိုပြောမလဲ၊ အတင်းအကြပ်ကြီး မလုပ်ချင်ဘူး ကိုယ့် အသိစိတ်နဲ့ကိုယ် ပြန်ကြတာမျိုးလောက်ပဲ ဖြစ်စေချင်တယ် အဲ့လိုတော့ ပြောတာပေါ့နော်။” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်တွေအတွက် အကူအညီ ပေးတဲ့နေရာမှာလည်း လုံခြုံရေး အန္တာရာယ်ကြားကနေ ဆောင်ရွက်နေရတယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံး(KNWO) ရဲ့ ဥက္ကဌ မော်ဖရေမြာက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“စစ်ရှောင်တွေက အခြားပြည်နယ်မှာ ဒုက္ခကတော့ တော်တော်ရောက်တယ်ပြောလို့ရတယ်။ ကိုယ့်ပြည်ပြန်ဖို့အဆင်သင့်မရှိ အဲမှာနေလည်း ပြည်သူ့စစ်ကြောက်ရ စစ်ကောင်စီကြောက်ရ ဒလန်ကြောက်ရနဲ့ အကူအညီပေးရင်လည်း အလွယ်တကူ လုပ်လို့လည်းမရ၊လကူတဲ့သူကောပါ အသက်အန္တာရာယ် ကြားကလုပ်ရတယ်။” လို့ KNWO ရဲ့ ဥက္ကဌ မော်ဖရေမြာက ဆိုပါတယ်။
အခုလို စစ်ကောင်စီ ရဲ့ ရိက္ခာဖြန့်ဝေမှု ပိတ်ပင်လိုက်တဲ့နောက်ပိုင်းမှာ စစ်ရှောင်လူထုတွေရဲ့ စားနပ်ရိက္ခာအခြေအနေဟာ ယခင်ထက် ပိုမိုကြပ်တည်းနိုင်တယ်လို့ KNWO ရဲ့ ဥက္ကဌ မော်ဖရေမြာက ဖြည့်စွက်ပြောဆိုထားပါတယ်။
လက်ရှိ ညောင်ရွှေမြို့နယ်အတွင်းမှာ လာရောက်တိမ်းရှောင်တဲ့ ကရင်နီစစ်ရှောင်တွေဟာ နေရပ်ပြန်ဖို့ ဖိအားပေးခံရမှုတွေပြင် စစ်မှုထမ်းဖို့ပါ ခေါ်ယူနေပြီဖြစ်တာကြောင့် စစ်ရှောင်လူထုတွေဟာ ဒုက္ခအမျိုးမျိုး ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။