spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်၊ ညောင်ရွှေမြို့နယ်ထဲက ကရင်နီစစ်ရှောင်တွေကို နေရပ်ပြန်ဖို့ မြို့နယ်ထွေအုပ် ထပ်မံ သတိပေး

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်အတွင်းကို ရောက်ရှိခိုလှုံနေကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေကို မတ်လအတွင်း နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက ထပ်မံ လာရောက် ပြောဆိုသွားတယ်လို့ စစ်ရှောင်တွေထံကနေ သိရှိရပါတယ်။

စစ်ရှောင်တွေကို လာမယ့် မတ်လ မှာ အပြီးနေရပ်ပြန်ကြဖို့ ယခင်လတွေကတည်းက သတိပေးခဲ့တာရှိတယ်လို့ စစ်ရှောင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“၃လပိုင်း ကျောင်းတွေပိတ်တဲ့အခါ ပြန်ပေးကြဖို့ကို ပြောသွားတာ။ ကိုယ့်အသိစိတ်လေးနဲ့ကို ပြန်ပေးကြပါတဲ့။ ဘယ်တတ်နိုင်မလဲ စိတ်ညစ်ပေမဲ့ ပြန်ရုံပဲပေါ့။” စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

ညောင်ရွှေမြို့နယ်ဟာ ရှမ်းပြည်မှာ စစ်ရှောင်လက်ခံမှု အများဆုံး မြို့နယ်ဖြစ်ပါတယ်။

“တချို့သောနေရာကလည်း ဒီလိုမျိုးပဲ ကန့်သတ် ပိတ်ပင်မှုတွေ တောက်လျှောက်ရှိနေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ သူတို့က‌တော့ ကိုယ့်နေရပ်ကို ပြန်ဖို့ ဆိုတဲ့ဟာပဲ အဓိက ဖိအားပေးတာပေါ့လေ။ ဒါပေမဲ့ အဲ့ဒီဒေသတွေကလည်း နေရပ်က စစ်ပဋိပက္ခတွေ ဖြစ်သေးတဲ့အနေအထားမှာ စစ်ရှောင်တွေ ရွေးချယ်စရာမရှိအောင် တမင်သက်သက် ဇောက်ထိုးကျလုပ်လိုက်တာပဲလို့ မြင်တယ်။ “လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ညောင်ရွှေမြို့နယ်ရောက် ကရင်နီစစ်ရှောင်တွေဟာ စစ်ရှောင်စခန်း၊ ဘုန်ကြီးကျောင်းတွေအပြင် နေအိမ်ငှားရမ်နေထိုင်သူတွေလည်းရှိပြီး စစ်ရှောင်ဦးရေ ၁၅၀၀ ဝန်းကျင်ရှိတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

ကျန်းမာရေး အခြေအနေကြောင့် နေရပ်ပြန်ဖို့ အဆင်မပြေတဲ့ စစ်ရှောင်တွေကိုတော့ အခြားနေရာကို ရွှေ့ပြောင်းခိုင်းတာရှိတယ်လို့ ညောင်ရွှေ‌ရောက် လွိုင်ကော် စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ဘုန်းကြီးကျောင်းမှာ နေတဲ့သူတွေက အစောကတည်းက ရွေ့ခိုင်းနေတာ။ ကျမကတော့ အခုက ကျန်းမာရေးမကောင်းလို့ လတ်တလောအခြေအနေတော့ ပတ်ဝန်းကျင်မှာ ရွေ့ပြောင်းခိုင်းတယ်။”လို့ ညောင်ရွှေရောက် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ကရင်နီပြည်မှာ ၁လေးလုံး စစ်ဆင်းရေးပြီးတဲ့နောက် လွိုင်ကော် ၊ ဘောလခဲ ၊ ဖားဆောင်း မြို့နယ်က ဒေသခံ ပြည်သူအများစုဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ညောင်ရွှေမြို့နယ်ကို စစ်ဘေးတိမ်းရှောင်ခဲ့ကြတာပါ။

လက်ရှိမှာတော့ လွိုင်ကော်မြို့တွင်းမှာ စစ်ရှောင်လူထုတွေ နေရပ်ပြန်လာနေထိုင်သူတွေရှိသလို ညောင်ရွှေမြို့နယ်မှာ ဆက်လက်တိမ်းရှောင်နေသူ များစွာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

spot_img
spot_img