ကန္တာရဝတီတိုင်း(မ်)
ရှားတောမြို့နယ် ပွန်ချောင်းအနီးမှာ စစ်ကောင်စီရဲ့ရှေ့တန်းတပ်စခန်းကို ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တို့ တိုက်ပွဲ ၅ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၅ရက်နေ့မှာ လေးကြိမ်၊၂၆ရက်နေ့မှာ တစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာ၃ရွာက ဒေသခံအိမ်ခြေ ၄၀၀နီးပါး စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာလည်း ရှိပါတယ်။
“ အဓိကကတော့ ပါလောင်း ရှားတောဘက်သွားတဲ့လမ်းမှာ လမ်းမကြီးကို မလိုအပ်ပဲနဲ့ မသွားလာဖို့ တိုက်တွန်းချင်တယ်။ အခုက သူတို့ ထိုးစစ်လည်းလုပ်လာပြီဆိုတော့ ဘယ်အချိန်တိုက်ပွဲဖြစ်မလဲ။ ဆိုတာ ကျနော်တို့က မပြောနိုင်ဘူးပေါ့နော။ သတိ ဝိရိယနဲ့ သွားကြပါ။ တိုက်ပွဲသံကြားပြီဆိုတော့ လုံးဝမသွားကြဖို့ အဲ့လိုပဲ အသိပေးချင်တယ်ပေါ့နော။ “ လို့ ကရင်နီတပ်မတော်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ၇လကျော်အတွင်း နိုဝင်ဘာလ ၁၆ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၀၉ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ထုတ်ပြန်ပါတယ်။